နေပြည်တော် ဇွန် ၂၈
အကြိမ်(၄၀)မြောက် အာဆီယံစွမ်းအင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်း အဝေးများ (40th Senior Officials Meeting on Energy (SOME) and Associated Meetings) ကို ယနေ့ တွင် ကမ္ဘောဒီးယားနိုင်ငံမှ အလှည့်ကျဥက္ကဋ္ဌအဖြစ် Video Conferencing စနစ်ဖြင့် ကြီးမှူးကျင်းပလျက်ရှိရာ အစည်းအဝေးသို့ မြန်မာနိုင်ငံ၏ အာဆီယံစွမ်းအင်ဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် (Head Of Delegation) စွမ်းအင်ဝန်ကြီးဌာန ရေနံနှင့်သဘာဝဓာတ်ငွေ့စီမံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမော်နှင့်အတူ စွမ်းအင်ဆိုင်ရာကဏ္ဍခွဲအလိုက် တာဝန်ရှိသူများ တက်ရောက်သည်။
အစည်းအဝေးတွင် အာဆီယံဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို လည်းကောင်း၊ စွမ်းအင်ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ရာတွင် သန့်စင်သော စွမ်းအင်သုံးစွဲရေး၊ ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေး၊ စွမ်းအင်ခြိုးခြံချွေတာ သုံးစွဲရေး၊ စွမ်းအင်ဖူလုံမှုရှိရေး၊ ပြန်ပြည့်မြဲ စွမ်းအင်တိုးမြှင့် သုံးစွဲရေး၊ စွမ်းအင်သုံးစွဲမှုဆိုင်ရာ စံစနစ်များ လိုက်လျောညီထွေဖြစ်စေရေးတို့အတွက် အာဆီယံအဖွဲ့ဝင် နိုင်ငံ များအကြား ပူးပေါင်းဆောင်ရွက် ရေးကိစ္စရပ်များကို လည်းကောင်း၊ အာဆီယံစွမ်းအင်ကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှုအစီအစဉ် ၂၀၂၁-၂၀၂၅ (ASEAN Plan of Actions for Energy Cooperation-APAEC Phase II (2021-2025)) ၏ ၂၀၂၁ ခုနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ကိစ္စရပ်များ၊ လက်ရှိ ၂၀၂၂ ခုနှစ်တွင် ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များနှင့် လာမည့် ၂၀၂၃ ခုနှစ်အတွင်း ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များကို လည်းကောင်း၊ အာဆီယံစွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍခွဲများဖြစ်သည့် အာဆီယံရေနံကောင်စီ၊ ကျောက်မီးသွေးနှင့် သန့်စင်သော ကျောက်မီးသွေး သုံးစွဲရေးနည်းပညာဆိုင်ရာ ကဏ္ဍခွဲ၊ အာဆီယံလျှပ်စစ်စွမ်းအား ဆိုင်ရာကဏ္ဍခွဲ၊ စွမ်းအင်အကျိုးရှိ ထိရောက်စွာ အသုံးပြုရေးနှင့် စွမ်းအင်ခြိုးခြံချွေတာရေး ကဏ္ဍခွဲ၊ ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ ကဏ္ဍ ခွဲ၊ ဒေသတွင်းစွမ်းအင်မူဝါဒနှင့် စီမံခန့်ခွဲရေးဆိုင်ရာကဏ္ဍခွဲ၊ မြို့ပြသုံး နျူကလီးယားစွမ်းအင်ဆိုင်ရာ ကဏ္ဍခွဲ၊ အာဆီယံစွမ်းအင် မူဝါဒချမှတ်သူများ အဖွဲ့အစည်း ကွန်ရက်နှင့် အာဆီယံစွမ်းအင်ဗဟိုဌာန အဆင့်မြှင့်တင်ရေးကဏ္ဍ များနှင့် ပတ်သက်၍ ရှေ့ဆက်လက် ဆောင်ရွက်မည့်အစီအစဉ်များကို လည်းကောင်း အပြန်အလှန် ညှိနှိုင်းဆွေးနွေးကြမည်ဖြစ်သည်။
အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စွမ်းအင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ၊ အာဆီယံ၏ ဆွေးနွေးဘက်နိုင်ငံများဖြစ်သော ဩစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင် ကိုရီးယား၊ နယူးဇီလန်၊ ရုရှားနှင့် အမေရိကန်နိုင်ငံတို့မှ စွမ်းအင် အရာရှိကြီးများနှင့် ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်များ တက်ရောက်ခဲ့ကြပြီး အာဆီယံ + ၃ နိုင်ငံနှင့် အာဆီယံနှင့် အရှေ့အာရှနိုင်ငံများအကြား စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်ပြီးခဲ့သည့် လုပ်ငန်းများနှင့် ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေး အတည်ပြုကြမည် ဖြစ်သည်။ အကြိမ် (၄၀) မြောက် အာဆီယံ စွမ်းအင်ဆိုင်ရာ အဆင့်မြင့်အရာရှိ ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ဇွန် ၂၈ ရက်မှ ဇူလိုင် ၁ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်