Skip to main content

(၃၆) ကြိမ်မြောက် အာဆီယံလူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဆိုင်ရာ အထူးအဖွဲ့ခေါင်းဆောင်များ အစည်းအဝေးကျင်းပ

 

နေပြည်တော် ဇွန် ၂၈

(၃၆) ကြိမ်မြောက် အာဆီယံလူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဆိုင်ရာ အထူးအဖွဲ့ခေါင်းဆောင်များ အစည်းအဝေး (The 36th ASEAN Head of Specialist Anti-Trafficking Unit-HSU) ကို ယနေ့နံနက် ၈ နာရီခွဲတွင် ရုံးအမှတ်(၃၈)၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ကိုယ်စားလှယ်များ တက်ရောက်

အစည်းအဝေးသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့မှူး ရဲမှူးချုပ်မြင့်ထူး ဦးဆောင်သော ကိုယ်စားလှယ်များ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ အထူးအဖွဲ့ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးရုံးမှ ကိုယ်စားလှယ်များ တက်ရောက်သည်။

အဖွင့်အမှာစကားပြော

အစည်းအဝေးကို အစီအစဉ် (၉)ရပ်ဖြင့်ကျင်းပရာ သဘာပတိ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဆိုင်ရာ အထူးအဖွဲ့ခေါင်းဆောင် ကမ္ဘောဒီးယားနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်က အဖွင့်အမှာစကား ပြောကြားပြီး လူကုန်ကူးမှုတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့ တပ်ဖွဲ့မှူးရဲမှူးချုပ် မြင့်ထူးက ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း မြန်မာနိုင်ငံ၏ လူကုန်ကူးမှုတိုက်ဖျက်ရေး ကြိုးပမ်းအားထုတ်မှုများကို ရှင်းလင်းဆွေးနွေးရာတွင် မူဝါဒနှင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် အရေးကြီးဆုံးအပိုင်း ဖြစ်သော ၂ဝဝ၅ ခုနှစ်၌ ပြဋ္ဌာန်းခဲ့သည့် လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေကို ခေတ်စနစ်နှင့်လျော်ညီ၍ နိုင်ငံတကာစံနှုန်း များနှင့်အညီဖြစ်စေရေး သက်ဆိုင်ရာ အစိုးရဌာန/ အဖွဲ့အစည်းများ၊ ပြည်တွင်းနှင့် နိုင်ငံတကာ ဥပဒေပညာရှင်များနှင့် ညှိနှိုင်းပြင်ဆင်ရေးဆွဲကာ ကလေးသူငယ်များအပေါ် ကျူးလွန်သည့် လူကုန်ကူးမှုများကို ထိရောက်စွာ အရေးယူနိုင်မည့် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေအသစ်ကို ယခုနှစ် ဇွန် ၁၆ ရက်တွင် အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ကြောင်း။

၂၀၂၀ ပြည့်နှစ်၊ မတ်လ အတွင်းက Online ဖြင့် ကျင်းပ ခဲ့သည့် (၁၄) ကြိမ်မြောက် COMMIT အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် Regional COMMIT Task Force အစည်းအဝေးများတွင် မဲခေါင်ဒေသတွင်း လူကုန်ကူးမှုပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (COMMIT MOU) ကို ပြန်လည်သုံးသပ်ပြင်ဆင်ရန်၊ အမျိုးသားအဆင့်နှင့်နိုင်ငံဖြတ်ကျော် လွှဲပြောင်းညွှန်းပို့မှု ယန္တရားရေးဆွဲရန်နှင့် ဒေသခွဲလုပ်ငန်း စီမံချက် (၂၀၁၄-၂၀၁၈) (SPA IV) ကို သက်တမ်းတိုး ဆောင်ရွက်ရန် ဆွေးနွေးနိုင်ခဲ့ကြောင်း၊ အဆိုပါ ဆွေးနွေးချက်များအရ COMMIT MOU ကို နိုင်ငံအဆင့် ပြန်လည်သုံးသပ်ပြင်ဆင်ခဲ့ပြီး COMMIT လူကုန်ကူးခံရသူများကို လွှဲပြောင်းညွှန်းပို့မှုဆိုင်ရာ အမျိုးသားအဆင့်ယန္တရား/ လုပ်ငန်းစဉ် အဆင့်ဆင့်(NRM) ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်တွင် အတည်ပြုရေးဆွဲနိုင်ခဲ့ကာ ယခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်တွင် ပုံနှိပ် ထုတ်ဝေခဲ့ပြီး လိုက်နာဆောင်ရွက် လျက်ရှိကြောင်း ဆွေးနွေးသည်။

ဆွေးနွေးခဲ့ကြ

ထို့နောက် အာဆီယံအဖွဲ့ဝင် နိုင်ငံများက နိုင်ငံအလိုက် လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ ကြိုးပမ်း ဆောင်ရွက်မှုများကို လည်းကောင်း၊ HSU လုပ်ငန်းစီမံချက် (၂၀၂၂-၂၀၂၃) (မူကြမ်း)နှင့် ပတ်သက်၍ လည်းကောင်း၊ (၃၇) ကြိမ်မြောက် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဆိုင်ရာ အထူးအဖွဲ့ခေါင်းဆောင်များ အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပ ရေးနှင့် စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးခဲ့ကြပြီး သဘာပတိက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်