Skip to main content

ပညာရပ်ဝန်းများ အေးချမ်းကြစေရာ

 

 

လူဖြစ်လာသည့်အခါ လောက၏ကောင်းကျိုးကို ဆောင်ရန်၊ အမိ အဖ မိသားစု အဆွေအမျိုးနှင့် မျိုးနွယ်(လူမျိုး)တို့၏ ကောင်းကျိုးကိုဆောင်ရန်နှင့် မိမိကိုယ်တိုင်ကိုလည်း ကောင်းအောင် မြှင့်တင်နိုင်ရန် လိုအပ်သည်။ အများအကျိုး၊ ကိုယ့်အကျိုးကို ဆောင်နိုင်ရန်အတွက် လိုအပ်ချက်တစ်ရပ်မှာ ပညာတတ်ဖို့ဖြစ်သည်။ ပညာသည် အကောင်းနှင့်အဆိုး၊ အမှားနှင့်အမှန်တို့ကို ဝေဖန်ပိုင်းခြားသိမြင်နိုင်ရန် သင်ကြားရခြင်းဖြစ်ရာ ပညာဉာဏ်အရောင်ဖြင့် လောကကိုအလင်း ဆောင်ခြင်းဖြစ်ပြီး ပညာဆိတ်သုဉ်းပါက လောကသည်လည်း မှောင်အတိကျလိမ့်မည်ဖြစ်သည်။

မိမိတို့နိုင်ငံတွင် အရွယ်ရောက်ပြီးသူများ၏ ပျမ်းမျှပညာရေး အခြေအနေမှာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအမြင်ဖြင့် ကြည့်မည်ဆိုပါက အားရစရာမရှိဟုပင်ဆိုရမည်။ ပညာရည် နိမ့်ပါးသူတို့မှာ လောကကောင်းကျိုး၊ မိသားစုနှင့် လူမျိုးတို့၏ ကောင်းကျိုးအတွက် ထမ်းရွက်နိုင်ရန် မဆိုထားဘိ မိမိကိုယ်တိုင် ရပ်တည်ရန်ပင် ခက်ခဲပင်ပန်းမည်ဖြစ်သည်။ အတန်း ပညာမတတ်သော်ငြားလည်း သူမတူအောင် အားထုတ်ကြိုးပမ်းမှုများကြောင့် လူတစ်လုံး သူတစ်လုံးဘဝဖြင့် ထိပ်တန်းသို့ ရောက်သူများ လောကတွင်မရှိမဟုတ် ရှိပါသော်လည်း လက်ချိုးရေတွက်နိုင်အောင် ရှားပါးလှပြီး အများစုမှာ စားဝတ်နေရေးအတွက် ရုန်းကန်ကြရသည်။ နိုင်ငံသူ နိုင်ငံသားတို့ ပညာမြင့်မားရေး ဆောင်ရွက်ပေးခြင်းသည် ၎င်းတို့တစ်ဦးချင်းစီအတွက် လူမှုဘဝများ မြင့်မားတိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှုများ လျှော့ချရေးနှင့် အနာဂတ်နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်ပင်ဖြစ်သည်။

ကျောင်းနေအရွယ်ကလေးများ ပညာသင်ကြားရေးတာဝန်များကို ထမ်းဆောင်နေကြသူများမှာ ဆရာ ဆရာမများ ဖြစ်သည်။ မြန်မာ့ယဉ်ကျေးမှုနယ်ပယ်တွင် ဆရာ ဆရာမများကို အနန္တော အနန္တငါးပါးတွင် အပါအဝင်အဖြစ်ဖြင့် တန်ဖိုးထား ရိုသေလေးစားခဲ့ကြသည်။ လူတိုင်း ငယ်စဉ်ဘဝတွင် သင်ပုန်းကြီးကို ကံ့ကူလက်လှည့် သင်ကြားပေးသည့် ဆရာ ဆရာမများမှ စတင်ကာ အဆင့်ဆင့်သင်ယူခဲ့ရသည့် ပညာခရီးတစ်လျှောက်မှ ဆရာ ဆရာမတို့၏ ကျေးဇူးတရားမှာ ကြီးမားလှသည်။ ကျောင်းသူ ကျောင်းသားများနှင့် ဆရာ ဆရာမတို့၏အကြားမှ သံယောဇဉ်နှင့် မေတ္တာတရားတို့မှာလည်း ကြီးမားသည်သာပင် ဖြစ်သည်။

မိမိတို့နိုင်ငံ၌ နိုင်ငံရေးမုန်တိုင်းထန်ချိန်တွင် ပညာရေးလောကကိုပါ နိုင်ငံရေး ဝဲသြဃထဲသို့ ဆွဲသွင်းကာ စာသင်ကျောင်း အဆောက်အအုံများ၊ ကျောင်းဆရာ ဆရာမများ၊ ကျောင်းသူ ကျောင်းသားများကိုပါ အကြမ်းဖက်လုပ်ရပ်များအတွက် ပစ်မှတ်များအဖြစ် သတ်မှတ်ခဲ့ကြခြင်းမှာ လွန်စွာစိတ်မချမ်း မြေ့ဖွယ်ဖြစ်သည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပျဉ်းမနားမြို့နယ် အရှေ့ခြမ်းရှိ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် တောင်ပေါ်ဒေသမှ ကလေးငယ်များကို ပညာသင်ကြားပေးနေ သည့် ကျောင်းဆရာလူငယ်လေးတစ်ဦး အကြမ်းဖက်သမားတို့၏ ရက်စက်စွာ သတ်ဖြတ်မှုကို ခံခဲ့ရမှုအပေါ် ကြားသိရသူတိုင်း ဝမ်းနည်းကြေကွဲကြရပြီး စစ်ရေးနှင့်မသက်ဆိုင်သည့် အရပ်သူ အရပ်သားများနှင့် ဝန်ထမ်းများကို အကြမ်းဖက်မှု များအား ပြစ်တင်ရှုတ်ချလျက်ရှိကြသည်။

နိုင်ငံတစ်နံတစ်လျား ဒေသအသီးသီးတွင် ဖွင့်လှစ်သင် ကြားနေကြသည့် စာသင်ကျောင်းများ၊ ကျောင်းအုပ်ဆရာကြီး ဆရာမကြီးများနှင့် ဆရာ ဆရာမများ၊ ကျောင်းသူ ကျောင်းသားများကိုလည်း အမည်အမျိုးမျိုး ခံထားကြသည့် အကြမ်းဖက်သမားတို့က ခြိမ်းခြောက်နှောင့်ယှက်မှုများကို နေ့စဉ်ပြုလုပ်နေကြသည်။ ပညာသင်ကြားမှုဟူသည် မည်သို့သော အကြောင်းကြောင့်မဆို ရပ်တန့်ထားအပ်သည်မဟုတ် သကဲ့သို့ပင် ပညာသင်ကြားရာ ရပ်ဝန်းများသည်လည်း နိုင်ငံရေး ရည်မှန်းချက်အတွက် ဓားစာခံဖြစ်စေအပ်သည် မဟုတ်ပါကြောင်း။