နေပြည်တော် ဇွန် ၂၇
ပရိုင်းမိတ်ကာလ သမိုင်းစဉ်ဆိုင်ရာဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အမျိုးသားပြတိုက် (ရန်ကုန်) ဘက်စုံခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့ လက်တွေ့တူးဖော် သုတေသနပြုသည့် ပညာရှင်များ၊ တက္ကသိုလ်များ၊ ဘူမိဗေဒဌာနများမှ ပရိုင်းမိတ်ပညာရှင်များနှင့် အငြိမ်းစား ပရိုင်းမိတ်ပညာရှင်ကြီးများ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ အတွေ့အကြုံရင့် အရာရှိကြီးများ၊ လက်တွေ့ဆောင်ရွက်နေသည့် ဝန်ထမ်းများနှင့် မြန်မာသမိုင်းအဖွဲ့မှ ပညာရှင်ကြီးများ၊ ပြင်ပမှ ဝါသနာပါသူ ပညာရှင်များ၊ ဝန်ထမ်းများ တက်ရောက်ဆွေးနွေးကြသည်။
ဆွေးနွေးပွဲတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က မြန်မာနိုင်ငံ၏ သမိုင်းမတင်မီကာလမှ စတင်၍ ခေတ်အဆက်ဆက် တိုးတက်ဖွံ့ဖြိုးလာသော သမိုင်းခေတ် ဆင့်ကဲဖြစ်စဉ်များအရ ပရိုင်းမိတ်ကာလမှစ၍ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်၊ ပျူခေတ်များ ဖြစ်ပေါ်လာပုံကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ရှေးဟောင်းသုတေသန နည်းပညာသင်တန်းကျောင်း(ပြည်) ကျောင်းအုပ်ကြီးက မြန်မာနိုင်ငံတွင် တွေ့ရှိခဲ့ရသည့် သက်နှောင်းကပ် သက်တမ်းရှိ ပုံတောင်ကျောက်လွှာစုမှ ပရိုင်းမိတ် ကျောက်ဖြစ်ရုပ်ကြွင်းများ အကြောင်းကိုလည်းကောင်း၊ ရန်ကုန်အဝေးသင် တက္ကသိုလ်ပါမောက္ခချုပ်က မြန်မာနိုင်ငံ၏ ပရိုင်းမိတ်သုတေသနလုပ်ငန်းနှင့် တွေ့ရှိခဲ့သော ပုံတောင်ကျောက်လွှာစုမှ ပရိုင်းမိတ်ကျောက်ဖြစ်ရုပ်ကြွင်း အထောက်အထားများ၊ မြန်မာနိုင်ငံမှ တွေ့ရသော ပရိုင်းမိတ်အမျိုးအစား မျိုးစုမျိုးစိတ်ရှစ်မျိုးနှင့် အဆင့်နိမ့် မျိုးစိတ်နှစ်မျိုး ပုံတောင်ကျောက်လွှာစုနှင့် ပုံတောင်ကျောက်လွှာစုမှ နောက်တွေ့ပရိုင်းမိတ် အထောက်အထားနှင့် ပတ်သက်၍လည်းကောင်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ကမ္ဘာ့အမွေအနှစ်ဒေသများဌာနခွဲ (သရေခေတ္တရာဌာနစု)မှ လက်ထောက်ညွှန်ကြားရေးမှူးက မြန်မာနိုင်ငံတွင် တွေ့ရှိခဲ့သည့် သက်နှောင်းကပ် သက်တမ်းရှိ ဧရာဝတီကျောက်လွှာစုမှ ပရိုင်းမိတ်ကျောက်ဖြစ် ရုပ်ကြွင်းများအကြောင်းကို လည်းကောင်း၊ မကွေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ်က ဧရာဝတီ ကျောက်လွှာစုမှရရှိသော ပရိုင်းမိတ်ကျောက်ဖြစ်ရုပ်ကြွင်း အထောက်အထားများ အကြောင်းနှင့် နောက်တွေ့ အထောက်အထားများကို လည်းကောင်း ဆွေးနွေးကြသည်။
ပရိုင်းမိတ်ကာလ သမိုင်းစဉ်(မူကြမ်း)ကို မြန်မာသမိုင်းအဖွဲ့မှ သမိုင်းပညာရှင်ကြီးများနှင့် ပရိုင်းမိတ်ပညာရှင်ကြီးများက ပရိုင်းမိတ်ကျောက်ဖြစ်ရုပ်ကြွင်း အထောက်အထားများ၊ သုတေသနပြုတွေ့ရှိချက်များနှင့် ဓာတ်ခွဲခန်းများမှ ဓာတ်ခွဲတွေ့ရှိချက်များ၊ သက်တမ်းတွက်ချက်မှုများကို ဖြည့်စွက်ဆွေးနွေးကြသည်။
မြန်မာ့သမိုင်းစဉ်ဆိုင်ရာ ပရိုင်းမိတ်ကာလ သမိုင်းစဉ်ဆွေးနွေးပွဲ ဒုတိယနေ့ကို ဇွန် ၂၈ ရက်တွင် အမျိုးသားပြတိုက်(ရန်ကုန်) ဘက်စုံခန်းမ၌ ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး ပါဝင်ဆွေးနွေးလိုသူ ပညာရှင်များအနေဖြင့် မိမိတို့ကိုယ်တိုင် သုတေသနပြုတွေ့ရှိချက်များ၊ ခိုင်မာသော အထောက်အထားများကိုပါ ပူးတွဲယူဆောင်၍ အထောက်အထားဖြင့် တင်ပြဆွေးနွေးနိုင်ကြောင်းနှင့် လေ့လာလိုသူများအနေဖြင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ရန်ကုန်ဌာနခွဲ ညွှန်ကြားရေးမှူး ဖုန်း - 095061832၊ Email: departmentofarchaeology ygn@gmail.com များသို့ ကြိုတင်ဆက်သွယ် စာရင်းပေးထားရန်လိုကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်ကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန မြန်မာသမိုင်းအဖွဲ့က ရေးသားပြုစုလျက်ရှိရာ ပရိုင်းမိတ်ကာလ သမိုင်းစဉ်၊ ကျောက်ခေတ် ကာလသမိုင်းစဉ်၊ ကြေးခေတ်၊ သံခေတ်ကာလ သမိုင်းစဉ် သမိုင်းတင်ခေတ်ဦးပိုင်း ပျူခေတ်ကာလ သမိုင်းစဉ်တို့နှင့်ပတ်သက်၍ မူကြမ်းပြုစုရေးသား ပြီးစီးနေပြီဖြစ်သည်။ ရှေးဟောင်းသုတေသနဆိုင်ရာ တူးဖော်သုတေသနပြု တွေ့ရှိချက်များ၊ ခေတ်မီသိပ္ပံနည်းကျ သက်တမ်းတွက်ချက်မှုများ၊ ပြည်တွင်း/ပြည်ပ ပညာရှင်များ၏ သုတေသနပြု ဖော်ထုတ်တွေ့ရှိချက်များကို ပေါင်းစပ်ဖြည့်စွက်၍ ခိုင်မာသော သမိုင်းစဉ်ကို ပြည့်ပြည့်စုံစုံ ရေးသားနိုင်ရန်အတွက် ပရိုင်းမိတ်ကာလ သမိုင်းစဉ်ဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်