ရန်ကုန် ဇွန် ၂၇
ပိဋကသုံးပုံပါဠိတော်ကို (မြန်မာ၊ ရိုမန်) အက္ခရာနှစ်မျိုးဖြင့် စိစစ်တည်းဖြတ်ပြီးစီးသည့် ဆဋ္ဌသင်္ဂါယနာမူ ပိဋကသုံးပုံပါဠိတော်ကျမ်း ၅၃ ကျမ်း (အုပ်ရေ ၄၀)တို့ကို ပုံနှိပ်ထုတ်ဝေ/ ဖြန့်ချိလှူဒါန်းနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် Seminar Hall ၌ ကျင်းပသည်။
ညှိနှိုင်းအစည်းအဝေးသို့ တိပိဋကဓရ၊ တိပိဋကကောဝိဒ ဆရာတော်ကြီးများ၊ စိစစ်ရေး ကော်မတီနာယက နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်/မန္တလေး)တို့မှ ပါမောက္ခချုပ်ဆရာတော်များ၊ စိစစ်ရေးကော်မတီဥက္ကဋ္ဌ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တဆေကိန္ဒ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ စိစစ်ရေးကော်မတီနာယက နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်(ရန်ကုန်)မှ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရက သြဝါဒကထာ မိန့်ကြားချီးမြှင့်တော်မူရာတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ အမှူးပြုသော လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၏ တက်ညီလက်ညီ ဆောင်ရွက်မှုများကြောင့် ကျောက်စာရေးထိုးမည့် စာမူများမှာ စိစစ်တည်းဖြတ် အောင်မြင်ပြီးစီးခဲ့သောကြောင့် ဂုဏ်ယူဝမ်းမြောက်ရပါကြောင်း၊ ပါဠိတော်ကျမ်းများကို ရိုက်နှိပ်ထားသည့် စာမူများကို စိစစ်ရာတွင် တိပိဋကဓရ၊ တိပိဋက ကောဝိဒ ဆရာတော်ကြီးများပါ ပါဝင်ဆောင်ရွက်ခြင်းကြောင့် ရွှေပေါ်မြတင်သကဲ့သို့ ပိုမိုဂုဏ်ယူဖွယ်ဖြစ်ပါကြောင်း၊ ပြင်ဆင်ရန်လိုအပ်သော ပါဠိစာလုံးများကို သေချာစွာ စိစစ်ဖတ်ရှု၍ ပြင်ဆင်သင့်သည့် ပါဠိတော်များကို ဆဋ္ဌသင်္ဂါယနာမူ မပျောက်စေဘဲ ပြင်ဆင်ရန်ဖြစ်ကြောင်း၊ အနက်အဓိပ္ပာယ် လွဲမှားနေသည်များကို ဆဋ္ဌမူမပျောက်စေဘဲ အမှန်အတိုင်းဖြစ်အောင် ပြင်ဆင်ခွင့်ရရှိခြင်းသည် ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာ ဖြစ်သကဲ့သို့ အရှည်တည်တံ့နိုင်ကြောင်း မိန့်ကြားတော်မူသည်။
ဆက်လက်၍ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ် ဆရာတော်ဒေါက်တာဘဒ္ဒန္တကေသရက သြဝါဒချီးမြှင့်ရာတွင် ပိဋကတ်ကျမ်းစာများကို ကွန်ပျူတာဖြင့် စာစီသည့်အခါ အမှားအယွင်းမပါစေရန်နှင့် မြန်မာအက္ခရာဖြင့် ရိုက်နှိပ်သည့်မူကို ရိုမန်အက္ခရာပြောင်းရာတွင်လည်း အမှား ပါ/ မပါ စိစစ်တည်းဖြတ်ရန်၊ internet မှ download လုပ်၍ PDF ဖြင့် ဆောင်ရွက်၍ရနိုင်သော်လည်း PDF ဖြင့် မဆောင်ရွက်ဘဲ ဆဋ္ဌမူပါဠိတော်လာ ကျမ်းဖြင့်သာ မူတည်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ဗုဒ္ဓတက္ကသိုလ်များအနေဖြင့် နောင်တစ်ချိန် ယခုမူဖြင့်သာ အသုံးပြုရမည်ဖြစ်ကြောင်း၊ ပုံနှိပ်ဖြန့်ချိသည့်အခါတွင်လည်း (မြန်မာ၊ ရိုမန်) အက္ခရာနှစ်မျိုးဖြင့် နိုင်ငံတကာအဆင့်မီ ကျမ်းစာအုပ်များအဖြစ် ထုတ်ဝေဖြန့်ချိသင့်ကြောင်း မိန့်ကြားတော်မူသည်။
ထို့နောက် လုပ်ငန်းကော်မတီအတွင်းရေးမှူး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းက တက္ကသိုလ်လေးခုမှ ဆရာတော်ကြီးများပါဝင်သည့် စိစစ်တည်းဖြတ်ရေး ကော်မတီဝင်များအနေဖြင့် မူလစိစစ်တည်းဖြတ်စဉ်ကပင် ကျောက်ထက်အက္ခရာအတွက်သာမက စာအုပ်ထုတ်ဝေရေးအတွက်ပါ စာမူများကို နှစ်မူခွဲ၍ ပေးပို့ပြီးဖြစ်ပါကြောင်း၊ ထိုသို့ ကျောက်ထက်အက္ခရာတင်မည့် စာမူနှင့် စာအုပ်ထုတ်ဝေမည့် စာမူနှစ်ခုမှာ တူညီပြီးဖြစ်၍ အဓိကစိစစ်ရန်မှာ “စာအုပ်ပုံစံအထားအသို (Format)၊ အောက်ခြေမှတ်စု အရေးအသား (Footnotes)၊ မူကွဲများ (Different versions)၊ ကွန်ပျူတာ စာစီစာရိုက် အမှားများ (Typing errors)နှင့် စာလုံးအကျအပေါက်များ” စသည်တို့ကိုသာ စိစစ်ရန်လိုအပ်မည်ဟု ထင်မြင်ယူဆပါကြောင်း၊ ထို့ကြောင့် ယနေ့အစည်းအဝေးတွင် ဆရာတော်ကြီးများမှ စာမူစိစစ်ရေးနှင့် စပ်လျဉ်း၍ မူဝါဒတစ်ခုချမှတ်ပြီး လုပ်ငန်းစဉ်ကို တိတိကျကျ သတ်မှတ်ပေးနိုင်ရေး လမ်းညွှန်မှု ပြုပေးတော်မူကြပါရန် လျှောက်ထားသည်။
ထို့နောက် စိစစ်ရေးကော်မတီဥက္ကဋ္ဌ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တဆေကိန္ဒက ပုံနှိပ်ထုတ်ဝေ ဖြန့်ချိလှူဒါန်းနိုင်ရေး လုပ်ငန်းကိစ္စနှင့်စပ်လျဉ်း၍ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို အသေးစိတ်ရှင်းလင်း မိန့်ကြားသည်။
ဆက်လက်၍ လုပ်ငန်းကော်မတီ တွဲဖက်အတွင်းရေးမှူး မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်လင်းနှင့် မန်နေဂျာ ဦးမင်းဇင်တို့က မြန်မာအက္ခရာ၊ ရိုမန် အက္ခရာနှစ်မျိုးဖြင့် ကွန်ပျူတာစာစီစာရိုက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ၊ ပုံနှိပ်ထုတ်ဝေ / ဖြန့်ချိ လှူဒါန်းနိုင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် စပ်လျဉ်း၍ အသေးစိတ်ရှင်းလင်း လျှောက်ထားကြသည်။
ရှင်းလင်းလျှောက်ထားချက်များနှင့် စပ်လျဉ်း၍ အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသော တိပိဋကဓရ၊ တိပိဋကကောဝိဒ၊ ဓမ္မဘဏ္ဍာဂါရိက ဆရာတော်ကြီးများဖြစ်ကြသည့် ရေစကြိုဆရာတော် ဘဒ္ဒန္တဝါယာမိန္ဒာဘိဝံသ၊ မော်ကျွန်းဆရာတော် ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသနှင့် စွန်းလွန်းဆရာတော် ဘဒ္ဒန္တသုန္ဒရတို့က ပိဋကတ်ပါဠိတော်လာ ကျမ်းစာများ၏ စာမူများကိုစိစစ်ရာတွင် လည်းကောင်း၊ စာအုပ်ပုံစံ အထားအသို ချမှတ်ရာတွင် လည်းကောင်း၊ ပါဠိ၊ ရိုမန် အက္ခရာနှစ်မျိုးကို အသုံးပြု၍ ကွန်ပျူတာစာစီရာတွင် လည်းကောင်း၊ ဆဋ္ဌမူမပျက်စေဘဲ ဆောင်ရွက်သွားရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ သြဝါဒများ မိန့်ကြားတော်မူကြသည်။
ထို့နောက် တက္ကသိုလ်လေးခုမှ စိစစ်ရေးကော်မတီဝင်များက စာမူစိစစ်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ အသေးစိတ် ညှိနှိုင်းဆွေးနွေးကြပြီး စိစစ်ရေးကော်မတီနာယက ပါမောက္ခချုပ် ဆရာတော်များက နိဂုံးချုပ်သြဝါဒကထာများ မိန့်ကြားချီးမြှင့်တော်မူကြကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်