နေပြည်တော် ဇွန် ၂၇
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်လမ်းညွှန်မှုဖြင့် နည်းပြများ၏ အားကစားအရည်အချင်း၊ အဆင့်အတန်း တိုးတက်မြင့်မားလာစေရေးနှင့် မျိုးဆက်သစ် နည်းပြကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ GYM နည်းပြသင်တန်း အမှတ်စဉ် (၁/၂၀၂၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း Gold Camp ရှိ Multi-purpose Hall ၌ ကျင်းပသည်။
အခမ်းအနားသို့ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများ၊ ဂျပန်နိုင်ငံမှ GYM နည်းပြ Mr.Mitsuru Inoue နှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က အားကစားနှင့် ကာယပညာဦးစီးဌာနအနေဖြင့် မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားစေရေးနှင့် နည်းပြဆရာကောင်းများ ပေါ်ထွန်းလာစေရေးအတွက် ရေရှည်စီမံကိန်းများဖြင့် အဘက်ဘက်မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အားကစားလောက ဖွံ့ဖြိုးတိုးတက်စေရန် နည်းပြများ၏ အခန်းကဏ္ဍသည် အရေးပါသည့်အတွက် အားကစားသမားများ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှု/GYM နည်းစနစ်များကို အခြေခံမှစ၍ စနစ်တကျ လေ့ကျင့်သင်ကြားပေးနိုင်ရန် ရည်ရွယ်၍ ယခု GYM နည်းပြသင်တန်းအား ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါ သင်တန်းတွင် သင်တန်းနည်းပြများအဖြစ် ဂျပန်နိုင်ငံမှ နည်းပြဆရာ Mr.Mitsuru Inoue ၊ ကိုရီးယားနိုင်ငံမှ နည်းပြဆရာ Mr.Youn Byung Sun နှင့် မြန်မာနိုင်ငံမှ နည်းပြ ခုနစ်ဦးတို့က သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား သင်တန်းသူ ၃၅ ဦး တက်ရောက်သင်ကြားသွားမည် ဖြစ်သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပမည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အောင်မြင်မှုရရှိစေရန်အတွက် နေပြည်တော် လူငယ်အားကစား လေ့ကျင့်ရေးစခန်းတွင် စခန်းဝင် သင်ကြားလေ့ကျင့်ပေးလျက်ရှိသော Youth Camp နည်းပြဆရာများကို တွေ့ဆုံ၍ SEA Games တွင် အောင်မြင်ခဲ့သည့် အားကစားနည်း ၂၀ ကို အခြေခံ၍ Youth Camp တွင် အဆိုပါ အားကစားနည်းများကို ဖွင့်လှစ်သင်ကြား လေ့ကျင့်ပေးခြင်းဖြစ်ကြောင်း၊ နည်းပြများအနေဖြင့် မိမိတို့ တတ်ကျွမ်းထားသည့် ပညာရပ်များ/နည်းစနစ်များကို ကိုယ်တိုင်သရုပ်ပြ ကစားပြ၍ အားကစားသမားများကို စနစ်တကျ လက်တွေ့ လေ့ကျင့်သင်ကြားပေးရန် လိုကြောင်း၊ ခေါင်းဆောင်မှုစွမ်းရည်၊ ခေတ်မီတိုးတက်ပြောင်းလဲနေသော နည်းစနစ်များ၊ ပင်ကိုအရည်အသွေးများ တိုးတက်အောင် အစဉ်အမြဲ ကြိုးစားလေ့လာနေရန် လိုကြောင်း၊ အားကစားအပေါ် စိတ်ပါဝင်စားပြီး ယှဉ်ပြိုင်အနိုင်ရလိုစိတ်၊ အနိုင်မခံ အရှုံးမပေးသော ဇွဲ/ စိတ်ဓာတ်များ ရှိလာအောင် နည်းပြများက သွန်သင်ဆုံးမ လမ်းပြပေးရန်လိုကြောင်း၊ အားကစားသမားများကို စည်းလုံးချစ်ခင်မှုဖြင့် နွေးထွေးစွာ ပြောဆိုဆက်ဆံ၍ နည်းပြများအပေါ် ယုံကြည်မှုရှိလာအောင် လိမ္မာပါးနပ်စွာ ကိုင်တွယ်နိုင်မှ အားကစားလောက တိုးတက်အောင်မြင် လာမည်ဖြစ်ကြောင်း ပြောကြားသည်။
သတင်းစဉ်