နေပြည်တော် ဇွန် ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ဇွန် ၂၆ ရက်တွင် အကြမ်းဖက်သမားများက အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန် တိုက်ခန်းအတွင်း လက်လုပ်မိုင်း တပ်ဆင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွား၍ အကြမ်းဖက်သမား အမျိုးသားတစ်ဦး သေဆုံးပြီး အကြမ်းဖက်သမား အမျိုးသား ၂ ဦးအား ထိခိုက်ဒဏ်ရာများဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန်လ ၂၆ ရက် ည ၇ နာရီ ၂၅ မိနစ်ခန့်တွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၉၄)ရပ်ကွက်၊ အေ(၁၀)လမ်းရှိ တိုက်(၁၆)၊ အခန်း(၄၀၂)၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးရန် သွားရောက်စဉ် အေ(၁၀)လမ်းအတိုင်း ထွက်ပြေးလာသည့် ထန်းတပင်မြို့နယ်၊ မြစိမ်းရောင်ရပ်ကွက်နေ ကောင်းသန့်(၁၈)နှစ် (ဘ) ဦးတင်နုအား ဝဲယာလက် ပေါက်ပြဲဒဏ်ရာများဖြင့် လည်းကောင်း၊ တိုက်(၁၆)၊ အခန်းအမှတ်(၃၀၁)အတွင်းမှ ခုန်ချထွက်ပြေးသည့် ဒေါပုံမြို့နယ်၊ နွယ်အေးရပ်ကွက်နေ အောင်အောင် (၂၄)နှစ် (ဘ) ဦးခင်မောင်သိန်းအား မျက်နှာ၊ ရင်ဘတ်၊ ပုခုံး၊ ဝဲဘက်လက်နှင့် ခြေထောက်တို့၌ ထိခိုက်ဒဏ်ရာများဖြင့် လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ ၎င်းတို့ ၂ ဦးနှင့်အတူ ကျော်စွာသည် တိုက်(၁၆)၊ အခန်း(၄၀၂)အတွင်း၌ အကြမ်းဖက်မှုလုပ်ရပ်များ လုပ်ဆောင်ရန် လက်လုပ်မိုင်း တပ်ဆင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွား၍ ကျော်စွာမှာ အခန်းအတွင်း၌ သေဆုံးကာ ၎င်းတို့ ၂ ဦးမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် အဆိုပါအခန်းအတွင်း ဝင်ရောက်စစ်ဆေးခဲ့ရာ ကျော်စွာမှာ ခန္ဓာကိုယ်အနှံ့ မိုင်းစထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေပြီး အခန်းအတွင်းမှ PVC ပိုက်ဖြင့် ပြုလုပ်ထားပြီး ဓာတ်ခဲ ၂ လုံး၊ Keypad ဖုန်း ၁ လုံးတို့ဖြင့် ချိတ်ဆက်ထားသည့် မပေါက်ကွဲသေးသည့် လက်လုပ်မိုင်း ၁ လုံးအား ထပ်မံတွေ့ရှိရသဖြင့် သက်မဲ့ပြုလုပ် သိမ်းဆည်းခဲ့သည်။
ဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာများဖြင့် ဖမ်းဆီးရမိခဲ့သူ ၂ ဦးအား မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသမှု ပေးလျက်ရှိကြောင်းနှင့် အကြမ်းဖက်မှုလုပ်ရပ်၌ ပူးပေါင်းပါဝင် ပတ်သက်သူများအား ဆက်လက်ဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။