နေပြည်တော် ဇွန် ၂၇
နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်အဖွဲ့များအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ရည်ရွယ်၍ စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့ပြည်သူများ နေထိုင်ရာ မြို့နယ်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လမ်းတံတားများအား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်း စသည့် အကြမ်းဖက်မှုလုပ်ရပ်များ လုပ်ဆောင်လျက် ရှိသည်ကို တွေ့ရှိရသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ ဇွန် ၂၆ ရက် ည ၉ နာရီခန့်တွင် PDF အမည်ခံ အကြမ်းဖက်သမားများက မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့၏ အနောက်မြောက်ဘက် တစ်မိုင်ခန့်အကွာရှိ တောစပ်မှနေ၍ လက်လုပ်စိန်ပြောင်းများဖြင့် ထီးလင်းမြို့အတွင်းသို့ ပစ်ခတ်ခဲ့ရာ အမှတ်(၂)ရပ်ကွက်အတွင်း၊ အခြေခံပညာ အထက်တန်ကျောင်း အနောက်ဘက်နှင့် အမှတ်(၁)ရပ်ကွက်ရှိ ဦးအောင်သန်းဝင်း၏ နေအိမ်ပေါ်သို့ ဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ဦးအောင်သန်းဝင်း၊ ၎င်း၏ဇနီး ဒေါ်ကြည်တင်နှင့် သမီးဖြစ်သူ မယမင်းအိတို့တွင် ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်းနှင့် ဒဏ်ရာရရှိသူများအား ဆေးကုသမှု ခံယူနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ထီးလင်းမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသစဉ် ၎င်းတို့ ၃ ဦးမှာ ရရှိထားသည့် ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
ထိုကဲ့သို့ စစ်ရေးပစ်မှတ်မဟုတ်သည့် မြို့ရွာများအတွင်းသို့ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်ကာ အပြစ်မဲ့ပြည်သူများအား ထိခိုက်ဒဏ်ရာ ရရှိသေဆုံးစေခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရေး နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။