Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး အသေးစား စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

နေပြည်တော် ဇွန် ၂၇

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်ရှိ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ စက်မှုလက်မှုအလုပ်ရုံအား ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြောက်ဥက္ကလာပမြို့နယ်ရှိ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ စက်မှုလက်မှုအလုပ်ရုံသို့ ရောက်ရှိပြီး တိုင်းဦးစီးမှူးများ၊ အလုပ်ရုံမှ ဝန်ထမ်းများ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံရာ အလုပ်ရုံတာဝန်ခံ ညွှန်ကြားရေးမှူး ဦးအောင်သင်းက အလုပ်ရုံ၏ လုပ်ငန်းဆောင်ရွက်မှု၊ အလုပ်ရုံရှိ စက်ပစ္စည်း (၁၇)မျိုး၏ အသုံးပြုနိုင်သည့် အခြေအနေများ၊ ဖွင့်လှစ်ပို့ချပေးသည့် သင်တန်းများ၊ လာမည့်ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းများကို တင်ပြသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက အသေးစား စက်မှုလက်မှုလုပ်ငန်းများ ထွန်းကားလာစေခြင်းဖြင့် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေမည်ဆိုသည့် မျှော်မှန်းချက်နှင့်အညီ မူဝါဒ (၃)ရပ်၊ လုပ်ငန်းစဉ် (၆)ရပ် ချမှတ်ပြီး အသက်မွေးဝမ်းကျောင်းပညာ ကာလတိုသင်တန်းများ ဖွင့်လှစ်ခြင်း၊ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ အသေးစား စက်မှုလက်မှုလုပ်ငန်းများ မှတ်ပုံတင်ဆောင်ရွက်ပေးခြင်းနှင့် ဓာတ်ခွဲစမ်းသပ်ခြင်း စသည့် လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ အသက်မွေးဝမ်းကျောင်းပညာ ကာလတိုသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ရာတွင် ဒေသနှင့်ကိုက်ညီပြီး ကျေးလက်ဒေသနေ ပြည်သူများအတွက် အကျိုးရှိထိရောက်သည့် သင်တန်းများ ဖွင့်လှစ်ရန်နှင့် ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု ထုတ်လုပ်လာနိုင်သည်အထိ ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း၊ စက်မှုလက်မှုအလုပ်ရုံ (ရန်ကုန်)အနေဖြင့် လုပ်ငန်းထူထောင်လိုသော်လည်း စက်ပစ္စည်း မဝယ်ယူနိုင်သည့် လုပ်ငန်းရှင်များကို ဌာနပိုင်လုပ်ငန်းသုံး စက်ပစ္စည်းကိရိယာများ လေ့ကျင့်သုံးစွဲခွင့်ရရှိပြီး လုပ်ငန်းသစ် ထူထောင်နိုင်ရေး ကူညီဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ သစ်သားထည်၊ သံထည်၊ အလုပ်ရုံများကို ပြန်လည်ပြုပြင်ပြီး ဖြစ်သည့်အတွက် ယခင်ကထက်ပိုပြီး စက်မှုလုပ်ငန်းကဏ္ဍ၊ လက်မှုအထည်ကဏ္ဍများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး အလေးထားဆောင်ရွက်ရန်၊ အသေးစား စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတော်က နည်းလမ်းပေါင်းစုံဖြင့် တွန်းအားပေး ဆောင်ရွက်နေချိန် ဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် ဌာန၏လုပ်ငန်းတာဝန်များကို မိမိတာဝန်ကျရာနေရာမှ စွမ်းစွမ်းတမံ ကြိုးစားထမ်းဆောင်ကြရန် ပြောကြားပြီး လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်