နေပြည်တော် ဇွန် ၂၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးသည် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ညောင်တုန်းမြို့နယ် မိုးမခကျေးရွာ အနီးရှိ ပန်းလှိုင် ရေထိန်းတံခါး စီမံကိန်း ရှင်းလင်းဆောင်၌ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ မိုးရာသီ ရေဘေးကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် သဘာဝဘေး ကြိုတင်ကာကွယ် ရေးအတွက် ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းဆိုင်ရာများ၊ ဧရာဝတီတိုင်းဒေသကြီး၏ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ ကုန်ထုတ်လုပ်မှု တိုးတက်ရေးအတွက် မျိုး၊ သွင်းအားစုနှင့် နည်းပညာ ဖြန့်ဝေခြင်းလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေး၊ ပုဂ္ဂလိကကဏ္ဍ၏ ရင်းနှီးမြှုပ်နှံမှု တိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။
နည်းပညာအသုံးပြု
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် မအူပင်မြို့နယ်ရှိ ပုဂ္ဂလိက စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်း ဆောင်ရွက်နေမှုများကို လည်းကောင်း၊ ငါး၊ ပုစွန် အခြေခံအသင့်စား တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နေမှုကို လည်းကောင်း ကြည့်ရှုအားပေးပြီး ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းသုံး မြေယာများကို ဥပဒေနှင့် အညီအသုံးပြုနိုင်ရေး၊ ပြည်ပပို့ကုန်များအတွက် ဈေးကွက်၏ စံချိန်စံညွှန်းသတ်မှတ်ချက်များနှင့်အညီ ဖြစ်စေရေး၊ ငါးမွေးမြူ ထုတ်လုပ်ခြင်းမှ ဘေးထွက်ပစ္စည်းများကို စိုက်ပျိုးရေးလုပ်ငန်းသုံး ငါးအမိုင်နို ထုတ်လုပ်ခြင်း နည်းပညာ အသုံးပြု၍ စီးပွားဖြစ် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန် လိုအပ်ချက်များကို လုပ်ငန်းရှင်များနှင့် ရင်းနှီးခင်မင်စွာ ဆွေးနွေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဝါးတောကျေးရွာ မိုးစပါးစိုက်ကွင်းတွင် ထွန်စက်ကြီးများဖြင့် ပိုက်ဆံလျှော် သစ်စိမ်းမြေဩဇာ ထည့်သွင်းနေမှုကို ဒေသခံ တောင်သူများနှင့်အတူ ကြည့်ရှုအားပေးကာ တောင်သူများ၏ လုပ်ငန်းခွင်အခြေအနေ၊ စိုက်ပျိုးထုတ်လုပ်မှုနှင့် သီးနှံအလိုက် အကျိုးအမြတ်ရရှိမှု အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးမှာကြား
ညနေပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် တွံတေးမြို့နယ်ရှိ ငါးလုပ်ငန်းသိပ္ပံ (တွံတေး)သို့ ရောက်ရှိကြပြီး ပြည်ထောင်စုဝန်ကြီးက ငါးလုပ်ငန်းသိပ္ပံ (တွံတေး)သည် ငါးပုစွန်အများဆုံး မွေးမြူထုတ်လုပ်ရာ ရန်ကုန်နှင့် ဧရာဝတီတိုင်း ဒေသကြီး နှစ်ခုအကြားတွင် တည်ရှိနေသည့်အတွက် သတ်မှတ်အရည်အချင်း ပြည့်မီသည့် ဒေသနေ လူငယ်များအနေဖြင့် ရေသတ္တဝါ မွေးမြူရေးဆိုင်ရာ ပညာရပ်များကို အသက်မွေးဝမ်းကျောင်း ပညာရပ် တစ်ခုအဖြစ် လေ့လာ သင်ယူနိုင်ကြရန်နှင့် ရေသတ္တဝါ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးရေးအတွက် လိုအပ်လျက်ရှိနေသော အလယ်အလတ်အဆင့် ပညာရှင်များ မွေးထုတ်ပေးရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ဒီပလိုမာ သုံးနှစ်သင်တန်း ဖွင့်လှစ်ရန် စီမံဆောင်ရွက် နေသော်လည်း နောင်တွင် ကောလိပ်အဆင့်အထိ တိုးမြှင့် ဖွင့်လှစ်နိုင်ရေး မျှော်မှန်း ဆောင်ရွက်ရန်လိုကြောင်း ဆွေးနွေးမှာကြားသည်။
ဈေးကွက်အတွင်း ပျံ့နှံ့
၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်အတွင်း ရေချိုငါး မွေးမြူထုတ်လုပ်မှု အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးမှ ငါးပိဿာချိန် ၂၂၉ သန်းကျော်၊ ဧရာဝတီတိုင်း ဒေသကြီးမှ ငါးပိဿာချိန် ၃၃၂ သန်းကျော် ထုတ်လုပ်ခဲ့ပြီး အလေအလွင့်နှင့် တိရစ္ဆာန်အစာအဖြစ် အသုံးချနိုင်မှု ၃၀ ရာခိုင်နှုန်း၊ ပြည်ပတင်ပို့မှု ၁၀ ရာခိုင်နှုန်းရှိပြီး ၆၀ ရာခိုင်နှုန်းမှာ ပြည်တွင်း စားသုံးမှုအတွက် ဈေးကွက်အတွင်း ပျံ့နှံ့ ရောက်ရှိခဲ့ကြောင်း သိရသည်။
သတင်းစဉ်