Skip to main content

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ ကမ္ဘောဇဘဏ်ခွဲ(၉)အား ဓါးပြတိုက်ရာတွင် ပါဝင်ခဲ့သည့် တရားခံများအား ဖမ်းဆီးရမိ

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၆ ရက်

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၇ ရက်တွင် ရတနာပုံတော်လှန်ရေးအမည်ခံ အကြမ်းဖက်အဖွဲ့မှ အကြမ်းဖက်သမား ၆ ဦးသည် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်မှန်ရပ်ကွက်၊ ၂၆ လမ်း၊ ၆၂ လမ်းနှင့် ၆၃ လမ်းကြားရှိ ကမ္ဘောဇဘဏ်ခွဲ (၉)သို့ ဝင်ရောက်၍ ဘဏ်ဝန်ထမ်းများအား လက်နက်ဖြင့် ခြိမ်းခြောက်ကာ ငွေကျပ် ၄၄၉ သိန်းအား ဓါးပြတိုက် ယူဆောင်သွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၂ ရက်တွင် ညောင်ဦးမြို့၊ သာယာဝတီရပ်၊ အမှတ်(၁)ရပ်ကွက်၌ ဘဏ်ဓါးပြတိုက်မှု ကျူးလွန်ခဲ့သည့် ကောင်းခန့်နောင်၊ သန်းထွန်းဇော်၊ မျိုးမင်းသန့်၊ ပပလင်း၊ သဉ္ဇာလင်းနှင့် လဲ့လဲ့ဝေတို့ ၆ ဦးအား ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ သန်းထွန်းဇော်၊ ကောင်းခန့်နောင်၊ ဆရာစွမ်း(ခ)ထက်ရှိုင်းဇော်တို့သည် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ခရိုင်၊ ကနီမြို့နယ်ရှိ ကနီ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွင် အကြမ်းဖက် ဖောက်ခွဲရေး သင်တန်း ၁ လ တက်ရောက်ခဲ့ပြီး ရတနာပုံတော်လှန်ရေးအမည်ခံ အကြမ်းဖက်အဖွဲ့အား ဆရာစွမ်း(ခ) ထက်ရှိုင်းဇော်မှ ခေါင်းဆောင်၍ အင်အား ၂၅ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

ထို့ပြင် ရတနာပုံတော်လှန်ရေးအမည်ခံ အကြမ်းဖက်အဖွဲ့အား နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရေး အကြမ်းဖက် လုပ်ငန်းများ ဆောင်ရွက်ရန်၊ အပြစ်မဲ့ ပြည်သူများအား ဒလန်အဖြစ် စွပ်စွဲ၍ သတ်ဖြတ်ရန်နှင့် ဘဏ်များ၊ စီးပွားရေးလုပ်ငန်းရှင်များအား ဓါးပြတိုက်၍ ငွေကြေးများရယူရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း ဖော်ထုတ် သိရှိရသည်။

ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ ချမ်းအေးသာစံ မြို့နယ်ရှိ ကမ္ဘောဇဘဏ်ခွဲ (၉)အား ရတနာပုံတော်လှန်ရေး အမည်ခံ အကြမ်းဖက်အဖွဲ့မှ ဆရာစွမ်း(ခ) ထက်ရှိုင်းဇော် ခေါင်းဆောင်၍ ကောင်းခန့်နောင်နှင့် သန်းထွန်းဇော်တို့ အပါအဝင် ၆ ဦးမှ ပစ္စတို ၂ လက်ဖြင့် ကမ္ဘောဇဘဏ်ခွဲ(၉)သို့ ဝင်ရောက်၍ ငွေကျပ် ၄၄၉ သိန်းအား ဓါးပြတိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့ပြင် ဆရာစွမ်း(ခ) ထက်ရှိုင်းဇော်သည် ညောင်ဦးမြို့ဘက်သို့ ထွက်ပြေး တိမ်းရှောင်နေရာမှ မန္တလေးမြို့သို့ ပြန်လည် ရောက်ရှိနေကြောင်း ဖော်ထုတ်သိရှိရသည်။

သို့ဖြစ်၍ ဆရာစွမ်း(ခ) ထက်ရှိုင်းဇော်အား ဆက်လက် ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၅ ရက်တွင် မဟာအောင်မြေမြို့နယ်၊ ၈၄ လမ်း၊ ၃၅ လမ်းနှင့် ၃၆ လမ်းကြားရှိ Lotteria ကြက်ကြော်ဆိုင်၌ ဆရာစွမ်း(ခ) ထက်ရှိုင်းဇော်အား တွေ့ရှိသဖြင့် ဖမ်းဆီးစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပစ်ခတ်ထွက်ပြေးသောကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်များမှ ပြန်လည်ခုခံ ပစ်ခတ်ခဲ့ရာ ဆရာစွမ်း(ခ)ထက်ရှိုင်းဇော်အား Glock အမျိုးအစား ပစ္စတို ၁ လက်၊ ၎င်းကျည်အိမ်၂ ခု၊ ၉မမ ကျည် ၁၉ တောင့်တို့နှင့်အတူ အသေဖမ်းဆီးရမိခဲ့သည်။

သို့ဖြစ်ပါ၍ ဖမ်းဆီးရမိ တရားခံများအား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှု ဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူများ၊ နောက်ကွယ်မှ ထောက်ပံ့ပေးလျက်ရှိသော ဆက်စပ် တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာ နေထိုင်မှုသတင်းများ ရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေး တိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ဆုငွေများ ပေးအပ် ချီးမြှင့်လျက်ရှိကြောင်းနှင့် မြို့ရွာများ အမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေး သတင်းထုတ်ပြန်အပ် ပါသည်။