Skip to main content

အနာဂတ်မျိုးဆက်သစ်ရင်သွေးငယ်များ၏ ပညာရေးနောက်ကျကျန်မှု မဖြစ်စေရေးအတွက် အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားမှုကို မလိုလားသူ နိုင်ငံရေးအစွန်းရောက်များက အကြမ်းဖက်မှုများ လုပ်ဆောင်

နေပြည်တော် ဇွန် ၂၆

NUG အမည်ခံ အကြမ်းဖက်သမားများနှင့် ၎င်း၏ လက်အောက်ခံ နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်များသည် အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြား သင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ မိဘများအား အထိတ်တလန့်ဖြစ်စေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် စာသင်ကျောင်းများတွင် ဆန့်ကျင် ခြိမ်းခြောက်စာများ ရေးသားချိတ်ဆွဲ၍ ခြိမ်းခြောက် အကြမ်းဖက်ခြင်း၊ ပညာရေး အဆောက်အဦများနှင့် ပညာရေးဝန်ထမ်းများအား မိုင်းထောင်ဖောက်ခွဲခြင်း၊ လုပ်ကြံ သတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရှိရသည်။

ထိုသို့လုပ်ဆောင်လျက်ရှိရာ ဇွန်လ ၂၅ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်အချိန်တွင် နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ အလယ်ချောင်း(အောက်)ကျေးရွာရှိ အခြေခံ ပညာမူလတန်းကျောင်းဝင်းအတွင်း ခြံစည်းရိုးနှင့် ကပ်လျက်ရှိ ကျောင်းလိုင်းခန်းရှေ့၌ ကျောင်းအုပ်ဆရာကြီး ဦးမောင်မောင်တာ၊ မူလတန်းပြဆရာ ဦးနေဝင်းထွန်းနှင့် ဦးလှိုင်မင်းထွန်းတို့ ၃ ဦးသည် ဆိုလာမီးထွန်း၍ ထမင်းစားနေစဉ် ကျောင်းအပြင်ဘက် လမ်းမပေါ်မှနေ၍ အမျိုးသား ၂ ဦး(စိစစ်ဆဲ) က သေနတ်ဖြင့် ပစ်ခတ် ထွက်ပြေးသွားခဲ့သဖြင့် ဦးနေဝင်းထွန်းတွင် သေနတ်ထိမှန် ဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး ဦးလှိုင်မင်းထွန်းတွင် သေနတ်ထိမှန် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ ဆယ်လန့်ကျေးရွာရှိ ဆယ်လန့် အခြေခံပညာအထက်တန်းကျောင်း၊ နမ့်ပတီးကျေးရွာရှိ နမ့်ပတီး အခြေခံပညာ မူလတန်းကျောင်း၊ နောင်လောင်းကျေးရွာအုပ်စုရှိ မန်နယ် အခြေခံပညာ မူလတန်းကျောင်းနှင့် နမ့်စမ်ဂိုဒေါင် အခြေခံပညာမူလတန်းကျောင်း၊ ဖိုင်းကျောင်းကျေးရွာရှိ ဖိုင်းကျောင်း အခြေခံပညာ မူလတန်းကျောင်းတို့ရှိ ကျောင်းနံရံများတွင် အကြမ်းဖက် သမားများက ခြိမ်းခြောက်စာများ ကပ်ထားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ပြီး အဆိုပါ ခြိမ်းခြောက်စာများအား ရှင်းလင်း သိမ်းဆည်းခဲ့ကြောင်း သိရသည်။

အလားတူ မွန်းလွဲ ၃ နာရီခွဲအချိန်တွင် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ စကောလမ်း ရပ်ကွက်နေ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမ ဒေါ်မန်းတူလ်ကျိန်၏ မိခင်ဖြစ်သူ ဒေါ်ဒိပ်ဒိုးကျိန် (၇၈)နှစ် (ဘ)ဦးတွန်းဇဒါးသည် ၎င်း၏နေအိမ်၌ ရှိနေစဉ် ဆိုင်ကယ် ၁ စီးဖြင့် အကြမ်းဖက်သမား ၂ ဦး ရောက်ရှိလာပြီး နေအိမ်အတွင်းသို့ ဝင်ရောက်လာကာ ချင်းဘာသာ/ မြန်မာဘာသာ စကားတို့ဖြင့် ရေးသားထားသော ခြိမ်းခြောက်စာ ၂ စောင်အား ပေးအပ်ကာ ပြန်လည်ထွက်ခွာသွားကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ခြိမ်းခြောက်စာ ပို့ဆောင်ပေးသူများအား စုံစမ်းရှာဖွေလျက် ရှိကြောင်း သိရသည်။

အထက်ပါ ဖြစ်စဉ်များမှ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ မိဘများအား အထိတ်တလန့် ဖြစ်စေရန်နှင့် စာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားခြင်း မပြုနိုင်စေရန် ရည်ရွယ်၍ ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက်ခြင်းများ ပြုလုပ်ခဲ့သည့် နိုင်ငံရေး အစွန်းရောက် အကြမ်းဖက်များအား ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။