နေပြည်တော် ဇွန် ၂၆
နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်အဖွဲ့များ အနေဖြင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ရည်ရွယ်၍ စစ်ရေးပစ်မှတ် မဟုတ်သည့် အပြစ်မဲ့ပြည်သူများ နေထိုင်ရာ မြို့ရွာများ အတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လမ်းတံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း စသည့် အကြမ်းဖက်မှု လုပ်ရပ်များအား လုပ်ဆောင်လျက် ရှိသည်ကို တွေ့ရှိရပါသည်။
ထိုသို့လုပ်ဆောင်လျက် ရှိရာတွင် ဇွန်လ ၂၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲ အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ပေါမမြိုင်ကျေးရွာ အတွင်းသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် အဆိုပါကျေးရွာနေ ဦးအုန်းမောင်(၆၀)နှစ် (ဘ) ဦးညိုအေး၏ သွပ်မိုး၊ ထရံကာ ပျဉ်ခင်း ၂ ထပ် နေအိမ်ပေါ်သို့ ကျရောက် ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ဦးအုန်းမောင်တွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိကာ နေအိမ် အမိုး၊ အကာနှင့် ကြမ်းပြင်များ ပေါက်ပြဲပျက်စီးခဲ့ကြောင်းနှင့် ဒဏ်ရာရရှိသူ ဦးအုန်းမောင်အား ဆေးကုသနိုင်ရေး ကသာမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
ထိုကဲ့သို့ စစ်ရေးပစ်မှတ် မဟုတ်သည့် မြို့ရွာများအတွင်းသို့ လက်လုပ် စိန်ပြောင်းများဖြင့် ပစ်ခတ်ကာ အပြစ်မဲ့ ပြည်သူများအား ထိခိုက်ဒဏ်ရာရရှိ သေဆုံးစေခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရေး နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေး လုပ်ငန်းစဉ်များနှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။