Skip to main content

ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း ဝန်ကြီးဌာန မိုးရာသီ ဌာနပေါင်းစုံ အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်

နေပြည်တော် ဇွန် ၂၆

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ် မိုးရာသီကာလ အမျိုးသား ဘောလုံးပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းနှင့် စားပွဲတင်တင်းနစ်ပြိုင်ပွဲ၊ အမျိုးသမီး ဘော်လီဘော ပြိုင်ပွဲများကို ဇွန် (၂၀)ရက်မှစတင် ကျင်းပလျက်ရှိရာ ယနေ့မွန်းလွဲပိုင်းတွင် အမျိုးသား ပိုက်ကျော်ခြင်း ဗိုလ်လုပွဲကို ဝဏ္ဏသိဒ္ဓိကွင်းအတွင်းရှိ အားကစားရုံ (C)၌ လည်းကောင်း၊ အမျိုးသား/အမျိုးသမီး ဘော်လီဘော ဗိုလ်လုပွဲများကို အားကစားရုံ (B)၌ လည်းကောင်း ကျင်းပသည်။

အဆိုပါ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ဇနီး၊ ဒုတိယ ဝန်ကြီးများနှင့် ဇနီးများ၊ အမြဲတမ်း အတွင်းဝန်များနှင့် ဇနီးများ၊ ညွှန်ကြားရေးမှူးချုပ်/ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဇနီးများ၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဝန်ကြီးဌာန လက်အောက်ရှိ ဝန်ထမ်းများနှင့်မိသားစုများ တက်ရောက် အားပေးခဲ့ကြသည်။

ပြိုင်ပွဲများအပြီး ဆုချီးမြှင့်ပွဲကို ဆက်လက် ကျင်းပရာ၌ ပြည်ထောင်စု ဝန်ကြီးက မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ယခင်က အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲများ၊ အာရှအဆင့် အားကစား ပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်ကာ ဆုတံဆိပ်များ ရရှိအောင်မြင်ခဲ့သည့် ဝန်ထမ်းများကို မွေးထုတ်ပေးနိုင်ခဲ့သော သမိုင်းအစဉ်အလာကောင်းများ ရှိခဲ့ကြောင်း၊ ဤအစဉ်အလာ ကောင်းများကို ဆက်လက် ထိန်းသိမ်းသွားရန်လိုကြောင်း၊ ဝန်ကြီးဌာနနှင့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရေး အတွက် သက်ဆိုင်ရာ ဌာနအကြီးအကဲ များနှင့်  တာဝန်ရှိသူ အဆင့်ဆင့်မှ စဉ်ဆက်မပြတ် အားပေးဆောင်ရွက်ကြရန် တိုက်တွန်း မှာကြားလိုကြောင်း ပြောကြားသည်။

ယင်းနောက် အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် အမျိုးသား ဘော်လီဘောပြိုင်ပွဲများတွင် ဆုရရှိသောအသင်းများကို ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများက လည်းကောင်း၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲတွင် ဆုရရှိသော အသင်းများကို ပြည်ထောင်စုဝန်ကြီး၏ ဇနီးနှင့် ဒုတိယဝန်ကြီးများ၏ ဇနီးများကလည်းကောင်း ဆုများ ချီးမြှင့်ပေးအပ်သည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ဌာန အဖွဲ့အစည်းများမှ အမျိုးသားပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲသို့ အသင်း(၁၉)သင်း၊ အမျိုးသား ဘော်လီဘောပြိုင်ပွဲသို့ အသင်း(၁၁)သင်း၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲသို့ အသင်း(၄)သင်း၊  စုစုပေါင်း အားကစားသမား (၃၈၉)ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး၊ အမျိုးသား စားပွဲတင်တင်းနစ်နှင့် ဘောလုံးပြိုင်ပွဲ များကိုလည်း ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် ယနေ့ကျင်းပသည့် ပြိုင်ပွဲများသို့ ဝန်ကြီးဌာန လက်အောက်ရှိ ဌာနအသီးသီးမှ ဝန်ထမ်းအင်အား(၇၀၀)ကျော် တက်ရောက် အားပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)