နေပြည်တော် ဇွန် ၂၅
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သင်တန်းသား၊ သင်တန်းသူ ၃၂ ဦးတို့သည် ယနေ့နံနက်ပိုင်းက နေပြည်တော်-တပ်ကုန်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် ရုပ်သံထုတ်လွှင့်မှုဆိုင်ရာများနှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စိန်ရတု ပြတိုက်တို့တွင် လေ့လာကြသည်။
အဆိုပါ လေ့လာရေးအဖွဲ့ဝင်များသည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စိန်ရတုပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ခေတ်အဆက်ဆက် ရုပ်သံထုတ်လွှင့်မှုများတွင် အသုံးပြုခဲ့သည့် စက်ပစ္စည်းများ၊ တိုက်ရိုက်ထုတ်လွှင့်ရေး မော်တော်ယာဉ်များ၊ သတင်းတင်ဆက်မှုပုံစံငယ်များ၊ ခေတ်အဆက်ဆက် ထုတ်လွှင့်တင်ဆက်ခဲ့သည့် အစီအစဉ်များတွင် ပါဝင်ဆောင်ရွက်ခဲ့သူများ၏ မှတ်တမ်းဓာတ်ပုံများ၊ တူရိယာပစ္စည်းများ၊ သတင်းစတူဒီယိုခန်းများ၊ ရေဒီယိုအစီအစဉ်တွင် အသုံးပြုခဲ့သည့် ခေတ်ဟောင်းဓာတ်ပြားများနှင့် အခြားအသုံးအဆောင်ပစ္စည်းများ စသည့် စုစုပေါင်း ပြခန်း ၄၀ တွင် ခင်းကျင်းပြသထားမှုများအပြင် ပင်မအဆောက်အအုံအတွင်း ရုပ်သံထုတ်လွှင့်မှုလုပ်ငန်းများကို လှည့်လည်ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက ရှင်းလင်းဖြေကြားကြသည်။
အဆိုပါ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သင်တန်းသား၊ သင်တန်းသူများသည် E-Library Management System Software အသုံးပြုနည်းသင်တန်း (၃/၂၀၂၂)သို့ ဇွန် ၂၀ ရက်မှ ၂၄ ရက်အထိ တက်ရောက်ခဲ့ကြပြီးနောက် သက်ဆိုင်ရာ ဒေသအသီးသီးသို့ ပြန်လည်မထွက်ခွာမီ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသို့လာရောက်ပြီး ရုပ်သံထုတ်လွှင့်မှုများကို လေ့လာကြခြင်းဖြစ်သည်။
သတင်းစဉ်