Skip to main content

မူးယစ်ဆေးဝါးအန္တရာယ် အမျိုးသားရေးအသွင်တိုက်ဖျက်

မူးယစ်ဆေးဝါးအန္တရာယ်သည် လူသားမျိုးနွယ်တစ်ရပ်လုံးကို ဖျက်ဆီးရုံသာမက နိုင်ငံကိုပါ ခြိမ်းခြောက်အန္တရာယ်ပေးနိုင်သည့်အဆင့်သို့ ရောက်ရှိလာသည်။ မူးယစ်ဆေးဝါးပြဿနာကို ထိထိရောက်ရောက် ဖြေရှင်းတိုက်ဖျက်နေသည့်ကြားမှ ရောင်းဝယ်ဖောက်ကား သုံးစွဲမှုများရှိနေပြီး နိုင်ငံဖြတ်ကျော်ကျူးလွန်ကြသည့် မှုခင်းများပါရှိလာသည်။ မူးယစ်ဆေးဝါးအမျိုးမျိုးကို စီးပွားရေးအတွက်သာမက လက်နက်မှောင်ခိုမှု၊ အကြမ်းဖက်တိုက်ခိုက်မှု၊ ငွေကြေးခဝါချမှု စသည်တို့တွင် အသုံးချလာကြသည်။

မူးယစ်ဆေးဝါးပြဿနာကို အစိုးရအဆက်ဆက် ကြိုးပမ်းတိုက်ဖျက်လျက်ရှိသော်လည်း ဘိန်းစိုက်ပျိုးထုတ်လုပ်မှုများရှိနေသဖြင့် အမြစ်ပြတ်ခြင်းမရှိပေ။ မူးယစ်ဆေးဝါး၏ အခြေခံအရင်းအမြစ်ဖြစ်သည့် ဘိန်းပင်၏ မူရင်းဒေသမှာ မြေထဲပင်လယ်ဝန်းကျင်ဒေသဖြစ်သော်လည်း ရှေးမြန်မာမင်းများလက်ထက်တွင် ဥရောပကုန်သည်များက တရုတ်နှင့်မြန်မာနိုင်ငံသို့ သယ်ဆောင်လာခဲ့သည်။ ကိုလိုနီခေတ်နယ်ချဲ့အစိုးရက မြန်မာနိုင်ငံတွင် ဘိန်းကို တရားဝင်စိုက်ပျိုးထုတ်လုပ် ရောင်းဝယ်ဖောက်ကားသုံးစွဲနိုင်အောင် ဖန်တီးခဲ့သည်။ မြန်မာနိုင်ငံတွင် ၁၈၂၄ ခုနှစ်မှ ၁၉၇၀ ပြည့်နှစ်အထိ ဘိန်းမည်းသာသုံးစွဲခဲ့ပြီး ၁၉၇၀ ပြည့်နှစ်မှ ၁၉၉၉ ခုနှစ် အတွင်း ဘိန်းဖြူကို သုံးစွဲလာပြီးနောက် မျက်မှောက်ကာလတွင် စိတ်ကြွရူးသွပ်ဆေးဝါးများအဖြစ် အသုံးပြုနေကြသည်။

မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးအမျိးမျိုးကို မကြာခဏဖမ်းဆီးရမိနေခြင်းသည် လမ်းပန်းဆက်သွယ်ရေးခက်ခဲသောနေရာများ၊ အုပ်ချုပ်ရေးနှင့်အလှမ်းဝေးသောနေရာများ၊ ဖွံ့ဖြိုးမှုနောက်ကျသောနေရာများ၊ လုံခြုံအေးချမ်းမှုမရှိသောဒေသများနှင့် လူသူအရောက်အပေါက်နည်းသော၊ တောတောင်ထူထပ်သောဒေသများတွင် ဘိန်းကိုစိုက်ပျိုးပြီး မူးယစ်ဆေးဝါးအဖြစ် ပြောင်းလဲထုတ်လုပ်နိုင်သောကြောင့်ဖြစ်သည်။ အထူးသဖြင့် တောတောင်ထူထပ်သော ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်တို့တွင် ဘိန်းကိုစိုက်ပျိုးကြပြီး မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင်လည်း စိုက်ပျိုးသည်ဟု သိရသည်။

ခေတ်အဆက်ဆက် အစိုးရတို့သည် မူးယစ်ဆေးဝါးပြဿနာများကို စစ်ဆင်ရေးအမျိုးမျိုးဖြင့် တိုက်ဖျက်နှိမ်နင်းခဲ့ပြီး ဘိန်းပင်များကို နှစ်စဉ်နှစ်တိုင်း ရှာဖွေဖျက်ဆီးလျက်ရှိသည်။ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံးနှင့် မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးဗဟိုအဖွဲ့တို့ပူးပေါင်း၍ မြန်မာနိုင်ငံ၏ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုကို တိုင်းတာခဲ့ရာ ၂၀၁၂ ခုနှစ် ဘိန်းစိုက်ရာသီမှစ၍ တစ်နှစ်ထက်တစ်နှစ် စိုက်ပျိုးထုတ်လုပ်မှုလျော့ကျလာသည်ကို တွေ့ရသည်။ ကိုလိုနီခေတ်က အမြစ်တွယ်ခဲ့သောပြဿနာသည် နည်းပညာမြင့်မားသော မျက်မှောက်ကာလ၌ အဆင့်မြင့်မူးယစ်ဆေးဝါးများအဖြစ် ပြောင်းလဲထုတ်လုပ်ကာ ပြည်သူလူထုကြားတွင် ရောက်ရှိနေသည်။

မူးယစ်ဆေးဝါးပြဿနာသည် မြန်မာနိုင်ငံသာမက ကမ္ဘာ့နိုင်ငံများအားလုံးနှင့် သက်ဆိုင်သော အရေးကိစ္စဖြစ်သည်။ လူသားမျိုးနွယ်များဦးနှောက်နှင့် အသိဉာဏ်ရည်ပျက်စီးခြင်း၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝများ ဆုံးရှုံးပျက်စီးခြင်းတို့အပြင် နိုင်ငံများ၏ တရားဥပဒေ စိုးမိုးရေးကို ထိခိုက်မှုနှင့် နိုင်ငံဖြတ်ကျော်မှုခင်းများ ဖြစ်ပေါ်လာခဲ့သည်။ မျက်မှောက်ကာလတွင် အရေးကြီးသောပြဿနာမှာ လက်နက်စွဲကိုင် အကြမ်းဖက်တိုက်ခိုက်မှုများနှင့် လက်နက်ကိုင်သောင်းကျန်းမှုဖြင့် ပြည်တွင်းမငြိမ်မသက်မှုဖြစ်စေရန် ကြံစည်မှုတို့၌ မူးယစ်ဆေးဝါးကို ဘဏ္ဍာငွေအတွက်လည်းကောင်း၊ အကြမ်းဖက်တိုက်ခိုက်ရန်အတွက်လည်းကောင်း အသုံးချလာခြင်းဖြစ်သည်။ နိုင်ငံတည်ငြိမ်အေးချမ်းမှုကို ခြိမ်းခြောက်တိုက်ခိုက်လာသော မူးယစ်ဆေးဝါးအသုံးချမှုများကို အမြစ်ပြတ်သည်အထိ ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် တိုက်ဖျက် သွားကြရမည်ဖြစ်သည်။

မူးယစ်ဆေးဝါးများကို မြန်မာနိုင်ငံအတွင်းသာမက အခြားနိုင်ငံများသို့ပါ ရောက်ရှိစေရန် ကြံစည်အားထုတ်နေကြသည်ကိုတွေ့ရသည်။ ဖမ်းဆီးရမိသည့်မူးယစ်ဆေးဝါးများနှင့် သယ်ဆောင်သူများအပြင် နောက်ကွယ်မှ အဓိကကြိုးကိုင်စီစဉ်သူများကို ဖမ်းဆီးရမိရေးသည် အရေးကြီးသည်။ အဓိကစီစဉ်လုပ်ကိုင်သူကို တားဆီးထိန်းသိမ်းနိုင်လျှင် မူးယစ်ဆေးဝါးပြဿနာမှာ လျော့ကျသွားမည်ဖြစ်သည်။ မူးယစ်ဆေးဝါးပြဿနာ၏ အရေးကြီးပုံ၊ အရေးပါပုံတို့ကို အားလုံးသိရှိလေ့လာ ထားရန်လိုအပ်သည်။ အန္တရာယ်ဟူသမျှတို့ကို သတိမမူဘဲနေထိုင်မိပါက ပိုမိုအန္တရာယ်ကြီးလာနိုင်သည်ကို သတိမူရမည်ဖြစ်သည်။

သို့ဖြစ်ရာ မူးယစ်ဆေးဝါးပြဿနာသည် လူသားမျိုးနွယ်တစ်ရပ်လုံးကို ပျက်သုဉ်းအောင် ဆောင်ရွက်သည်ဆိုရာ၌ လူ့အသိုင်းအဝိုင်းတစ်ခုအတွင်း ထိခိုက်ခြင်းသာမက နိုင်ငံတစ်ခုချင်းစီ၏ တည်ငြိမ်အေးချမ်းမှုကိုပါ ထိခိုက်စေနိုင်သည့်အပြင် အနာဂတ်လူ့ဘောင်လောက ငြိမ်းချမ်းသာယာဖွံ့ဖြိုးတိုးတက်ရေးကိုပါ ထိခိုက်စေနိုင်သဖြင့် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းလက်တွဲ၍ အမျိုးသားရေးအသွင်ဖြင့် လုံးဝအမြစ်ပြတ်သည်အထိ ဝိုင်းဝန်းတိုက်ဖျက်ကြရမည်ဖြစ်ပါကြောင်း။       ။

ကြေးမုံအယ်ဒီတာ့အာဘော်