ညစ်ညမ်းမှု(Pollution)များအားလုံးမှာ လူတို့၏ပယောဂကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ပြီး လူကိုသာမက အခြားသက်ရှိဇီဝများနှင့် သဘာဝပတ်ဝန်းကျင်တို့ကိုပါ ဆိုးကျိုးများသက်ရောက်စေသည်။ ညစ်ညမ်းမှုပုံစံများကိုကြည့်လျှင် လေထုညစ်ညမ်းခြင်း၊ ရေထုညစ်ညမ်းခြင်း၊ မြေကြီးညစ်ညမ်းခြင်း၊ စွန့်ပစ်ပစ္စည်းများညစ်ညမ်းခြင်း၊ ရေဒီယိုသတ္တိကြွညစ်ညမ်းခြင်း၊ အသံညစ်ညမ်းခြင်း၊ အလင်းညစ်ညမ်းခြင်း၊ မြင်ကွင်းညစ်ညမ်းခြင်း၊ အပူဓာတ်ညစ်ညမ်းခြင်း စသည်ဖြင့် တွေ့ရှိနိုင်သည်။ ညစ်ညမ်းမှုပုံစံအမျိုးမျိုးတို့ကြောင့် လူ၊ သားငှက်တိရစ္ဆာန်သက်ရှိဇီဝများ၊ ဂေဟစနစ်များအပေါ် ကမောက်ကမဖြစ်စေခြင်း၊ ပျက်စီးစေခြင်း၊ အန္တရာယ်ဖြစ်စေခြင်း၊ ဖိစီးမှုဖြစ်စေခြင်း စသည်တို့ခံစားကြရသည်။
စက်ယာဉ်ယန္တရားအမျိုးမျိုးမောင်းနှင်မှု၊ မီးရှို့မှုအပါအဝင် လောင်ကျွမ်းမှုအမျိုးမျိုးတို့မှ ထွက်ပေါ်လာသည့် အန္တရာယ်ဖြစ်စေနိုင်သော ဓာတ်ငွေ့များ၊ ဓာတုပစ္စည်းများနှင့် အမှုန်အမွှားများကြောင့် လေထုညစ်ညမ်းမှုဖြစ်ပေါ်လာသည်။ စွန့်ပစ်ဓာတုပစ္စည်းအမျိုးမျိုး၊ ရေဆိုးနှင့် အမှိုက်များကြောင့် မြေပေါ်မြေအောက်ရေထုများကို ညစ်ညမ်းစေပြီး မြေကြီးကိုလည်း ညစ်ညမ်းစေသည်။ မြို့ပြနှင့် ကျေးလက်ဒေသလူနေမှုစနစ်များ၊ စက်မှုလုပ်ငန်းများမှ ထွက်လာသည့် စွန့်ပစ်ပစ္စည်းများကြောင့် ညစ်ညမ်းမှုဖြစ်စေပြီး ယာဉ်လမ်းကြောများ၊ လေယာဉ်အဆင်းအတက်၊ စက်ရုံများ စသည်တို့မှ ထွက်ပေါ်လာသည့် ဆူညံသံများကြောင့် အသံညစ်ညမ်းမှုဖြစ်ပေါ်စေသည်။ မှန်များ၊ သတ္တုများအပါအဝင် အဆောက်အအုံများမှ ထွက်လာသည့် တောက်ပသောအလင်းပြန်မှုများ၊ လျှပ်စစ်မီးရောင်များကြောင့် အလင်းညစ်ညမ်းမှုဖြစ်ပေါ်စေပြီး ဓာတ်အားလိုင်းများ၊ ဖုန်းကြိုး၊ ဓာတ်ကြိုးများ၊ မြင်ကွင်းများကို ပိတ်ဆို့နေစေသည့် ကြော်ငြာဆိုင်းဘုတ်များ၊ တူးဖော်မှုအမျိုးမျိုးတို့ကြောင့် မြေမျက်နှာသွင်ပြင်ပျက်စီးမှုများ၊ စွန့်ပစ်ပစ္စည်းအမျိုးမျိုးတို့ကို ဟင်းလင်းပြင်၌ထားရှိမှုများကြောင့် မြင်ကွင်းညစ်ညမ်းမှုဖြစ်ပေါ်စေသည်။ စက်များမောင်းနှင်မှုကြောင့် ထွက်ပေါ်လာသည့်အပူရှိန်ကြောင့် ပတ်ဝန်းကျင်လေထုနှင့် ရေထုတွင် အပူချိန်ပြောင်းလဲမှုဖြစ်ပေါ်လာခြင်းမှာ အပူဓာတ်ဆိုင်ရာ ညစ်ညမ်းမှုပင်ဖြစ်သည်။
ဆိုခဲ့ပါညစ်ညမ်းမှုအမျိုးမျိုးတို့ကြောင့် လူတို့တွင် ကင်ဆာအမျိုးမျိုး၊ အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါများ၊ သွေးတိုး၊ နှလုံးနှင့် စိတ်ဖိစီးမှု စသည်တို့ ဖြစ်ပေါ်လာစေသည်။ အချို့သက်ရှိဇီဝများ မျိုးသုဉ်းပျောက်ကွယ်သွားပြီး အချို့မှာ မျိုးသုဉ်းလုနီးနီးအခြေအနေသို့ ရောက်ရှိသွားရသည်။ သားငှက်တိရစ္ဆာန်များ ရှင်သန်ပေါက်ဖွားမှုနှင့် အစာကွင်းဆက်တို့ ထိခိုက်ပျက်စီးစေခြင်းကြောင့် လူတို့အတွက်လည်း သားငါးရှားပါးမှုကို ဖြစ်ပေါ်စေသည်။ ညစ်ညမ်းမှုများစွာတို့မှာ လူတို့ကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်သည့်အလျောက် ညစ်ညမ်းမှုတို့ကို ဖယ်ရှားရှင်းလင်းရန်မှာလည်း လူသားတို့၌ပင် တာဝန်ရှိသည်။
ယခုအခါ မိမိတို့နိုင်ငံအတွင်း မြို့ရွာဒေသအသီးသီးတို့တွင် စိမ်းလန်းစိုပြည်ရေး သစ်ပင်စိုက်ပျိုးပွဲများ၊ အမှိုက်သရိုက်နှင့် ချုံနွယ်ပိတ်ပေါင်းစုပေါင်းသန့်ရှင်းပွဲများကို တက်တက်ကြွကြွ ကျင်းပပြုလုပ်လျက်ရှိသည်ကို တွေ့ရသည်။ သစ်ပင်စိုက်ပျိုးပွဲများကြောင့် ဒေသများ စိမ်းလန်းစိုပြည်စေခြင်း၊ စုပေါင်းသန့်ရှင်းပွဲများကြောင့် မြို့ရွာရပ်ကွက်များ သန့်ရှင်းသပ်ရပ်လှပေစေခြင်း အကျိုးကျေးဇူးများ ဖြစ်ပေါ်စေသကဲ့သို့ပင် ပြည်သူလူထု ရပ်ရွာလူ့အဖွဲ့အစည်းများအတွင်း သစ်တောသစ်ပင်များကို ချစ်ခင်မြတ်နိုးသည့် စိတ်ဓာတ်များ၊ အမှိုက်သရိုက်များကို စနစ်တကျ စွန့်ပစ်သည့်အမူအကျင့်ကောင်းများ၊ ရပ်ရွာသာယာလှပမှုကို စုပေါင်းထိန်းသိမ်းလိုသည့် စိတ်ဓာတ်ကောင်းများလည်း ဖြစ်ထွန်းစေမည်ဟု ယုံကြည်ပါကြောင်း။ ။
မြန်မာ့အလင်း အယ်ဒီတာ့အာဘော်