နေပြည်တော် ဇွန် ၂၄
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုးစိုက်ထည့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာန တစ်ဘက်ပိတ်ဆည်အနီး၌ ကျင်းပသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က နှစ်ရှည်အရိပ်ရပန်းအလှပင်ဖြစ်သည့် ကံ့ကော်ပင်ကို ဦးဆောင်စိုက်ပျိုးပေးပြီး ညွှန်ကြားရေးမှူးချုပ်များ၊ အရာရှိကြီးများ၊ ဝန်ထမ်းများက ပျိုးပင်များကို သတ်မှတ်နေရာအသီးသီးတွင် စိုက်ပျိုးပေးကြသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ အရာရှိကြီးများက တစ်ဘက်ပိတ်ဆည်အတွင်းသို့ ငါးမြစ်ချင်း၊ ရွှေဝါငါးကြင်း၊ ငါးခုံးမ အစရှိသော ငါးသားပေါက်ကောင်ရေပေါင်း (၂၀၀၀၀) ကို စိုက်ထည့်ကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းများ သစ်ပင်စိုက်ပျိုးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။
ယခုနှစ် ဝန်ကြီးဌာန၏ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ဝန်ကြီးဌာနရုံး အဆောက်အဦဝင်းအတွင်းနှင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ အရိပ်အာဝါသ ကောင်းမွန်စေရန်နှင့် သစ်တောပြုန်းတီးမှုကို ကာကွယ်ထိန်းသိမ်းမှု အထောက်အကူပြုနိုင်ရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကာ အဖိုးတန် ရတနာတန်းဝင်ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ ကံ့ကော်ပျိုးပင်ပေါက် (၂၅၀) နှင့် အရိပ်ရလေကာပင်၊ သီးပင်စားပင်၊ အရိပ်ရပန်းအလှပင်ပေါင်း (၃၀၀)၊ စုစုပေါင်းပျိုးပင် (၅၅၀) ကို စိုက်ပျိုးခဲ့ကြသည်။
(သတင်းစဉ်)