နေပြည်တော် ဇွန် ၂၃
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) တာဝန်ခံအရာရှိတို့နှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် ရေနံချက်စက်ရုံရှိ အမှတ်(၁) ဆိပ်ခံဗော(Pontoon)ကို ကြည့်ရှုစစ်ဆေးခဲ့ရာ ရေနံချက်စက်ရုံအမှတ်(၁)မှ စက်ရုံမှူးနှင့်တာဝန်ရှိသူများက ရှင်းလင်းတင်ပြသည်။
ဒေါက်တင်ပြင်ဆင်မည်
အဆိုပါ ဆိပ်ခံဗော(Pontoon)သည် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)တွင် အသစ်တည်ဆောက်မည့် ဆိပ်ခံဗောတံတား (Jetty)တွင် အသုံးပြုမည့် ဆိပ်ခံဗောဖြစ်ပြီး အရွယ်အစား ၈၀' x ၂၀'x ၆' ရှိပြီး လက်ရှိအခြေအနေတွင် ပြည်တွင်းရေကြောင်းမှ ပြင်ဆင်ရမည့်လုပ်ငန်းများကို အသေးစိတ်တွက်ချက်၍ ပြည်တွင်းရေကြောင်း ပိုင်သင်္ဘောကျင်းတွင် ဒေါက်တင်ပြင်ဆင်မည်ဖြစ်ပြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်သည်။
ဒုတိယဝန်ကြီးသည် ယမန်နေ့မွန်းလွဲပိုင်းက ရခိုင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း/အဖွဲ့များနှင့် ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးအစည်းအဝေးခန်းမ၌ တွေ့ဆုံ ဆွေးနွေးသည်။
ပြောကြား
တွေ့ဆုံပွဲတွင် ဒုတိယဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္က နိုင်ငံတော်ဝန်ကြီးချုပ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ငြိမ်းချမ်းရေးဖိတ်ခေါ်ကမ်းလှမ်း၍ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသတည်ငြိမ်အေးချမ်းမှသာလျှင် တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနက သက်မွေးပညာသင်တန်းကျောင်းပေါ်ပေါက်လာရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် သက်မွေးပညာသင်တန်းများကို ဖွင့်လှစ်လျက်ရှိကြောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များအနေဖြင့် တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ လိုအပ်ချက်များရှိပါက သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ဆက်လက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှက ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် တိုင်းရင်းသားလူမျိုးများ၏ နေ့ထူးနေ့မြတ်နှင့် အထိမ်းအမှတ်ပွဲတော်များ ကျင်းပနိုင်ရေးအတွက် ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိကြောင်း၊ ယာယီတိုက်ပွဲရှောင် မြိုတိုင်းရင်းသားအိမ်ထောင်စု ၁၅၀ အတွက် မောင်တောမြို့နယ်တွင် ကျေးရွာတည်ဆောက်ပေးပြီး ပြန်လည်နေရာချထားရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း/ အဖွဲ့များက စာပေနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ၊ ကြုံတွေ့နေရသည့် အခက်အခဲများကို တင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကြောင်း သိရသည်။
သတင်းစဉ်