နေပြည်တော် ဇွန် ၂၃
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် Geographic Information System (GIS) နည်းပညာအသုံးပြု၍ မြေပုံရေးဆွဲပြုစုခြင်းနှင့် စာရင်းကောက်ကွက်များဖွဲ့စည်းခြင်းအတွက် ရပ်ကွက်၊ ကျေးရွာတည်နေရာ Point များ ကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်မည့် သင်တန်းအမှတ်စဉ် (၂) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ဗဟိုသန်းခေါင်စာရင်းကော်မရှင်တွဲဖက်အတွင်းရေးမှူး ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်က အမှာစကားပြောကြားရာတွင် မြေပုံရေးဆွဲပြုစုခြင်းနှင့် စာရင်းကောက်ကွက်များဖွဲ့စည်းခြင်းသည် သန်းခေါင်စာရင်းလုပ်ငန်းစဉ်များတွင် အချိန်အကြာဆုံးနှင့် လူအင်အား၊ ငွေအင်အား အများဆုံးသုံးရသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း၊ ရပ်ကွက်၊ ကျေးရွာတည်နေရာ Point များ ကောက်ယူရာတွင် ရှိပြီးသည့် တည်နေရာ Point များကို အတည်ပြုရန်နှင့် မရှိသေးသည့် တည်နေရာ Point များကို ရယူရန်ဖြစ်ကြောင်း၊ ယခု သင်တန်းတက်ရောက်သည့် သင်တန်းသားအရာရှိများသည် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များတွင် ဆင့်ပွားသင်တန်းများ ပြန်လည်ပြုလုပ်ပေးရမည်ဖြစ်ကြောင်း၊ ထို့အပြင် ရပ်ကွက်၊ ကျေးရွာတည်နေရာ Point များ ကောက်ယူရာတွင် မှန်ကန်အောင်ကြီးကြပ်ပေးရမည် ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းအတွက် ရပ်ကွက်၊ ကျေးရွာတည်နေရာ Point များ ကောက်ယူခြင်းလုပ်ငန်း အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားပြီး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်