Skip to main content

နေပြည်တော် စည်ပင်သာယာရေးကော်မတီ၏ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

နေပြည်တော် ဇွန် ၂၃

ပြည်ထောင်စုနယ်မြေ နေပြည်တော် စိမ်းလန်းစိုပြည်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့အတွက် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက ဒက္ခိဏသီရိမြို့နယ် မြစ်မခလမ်း သံတမန်ဇုန်အတွင်းမြေနေရာ၌ ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဒေါက်တာ မောင်မောင်နိုင်က ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အထိမ်းအမှတ်အဖြစ် ခရေပင်ကို စတင်စိုက်ပျိုးပေးပြီး ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနကြီးမှူးများက သတ်မှတ်အပင်များကို စိုက်ပျိုးကြသည်။

ထို့နောက် ဌာနမှူးများ၊ ဒုတိယဌာနမှူးများနှင့် အရာထမ်း၊ အမှုထမ်းများက ခရေ၊ စိန်ပန်း၊ ငုရွှေဝါနှင့် ရေပျဉ်းမအပင် ၂၀၀ ကို သတ်မှတ်နေရာများအလိုက် စိုက်ပျိုးကြရာ မြို့တော်ဝန်နှင့် ဒုတိယမြို့တော်ဝန်တို့က အရာထမ်း၊ အမှုထမ်းများ စုပေါင်း သစ်ပင်စိုက်ပျိုးနေမှုများကို လှည့်လည်အားပေးကြည့်ရှုခဲ့ကြောင်း သိရသည်။

သင်းစဉ်