Skip to main content

ရှေးဦးမြို့ပြတည်ထောင်မှုစတင်ခဲ့သော ပျူခေတ်ကာလ သမိုင်းစဉ်ဆိုင်ရာ ဆွေးနွေးပွဲ တတိယနေ့ ဆက်လက်ကျင်းပ

ရန်ကုန် ဇွန် ၂၂

မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ် ပြုစုရေးသားလျက်ရှိရာ မြို့ပြ တည်ထောင်မှုစတင်ခဲ့သော ပျူခေတ်ကာလ သမိုင်းစဉ်ဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ တတိယနေ့ကို ယနေ့တွင် အမျိုးသားပြတိုက် (ရန်ကုန်) ဘက်စုံခန်းမ၌ ဆက်လက်ကျင်းပသည်။

အဆိုပါဆွေးနွေးပွဲသို့ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်စန္ဒာခင်၊ မြန်မာသမိုင်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ(၁) ဦးသန်းဆွေ၊ မြန်မာသမိုင်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ(၂) ဒေါက်တာတိုးလှနှင့် မြန်မာသမိုင်းအဖွဲ့ဝင်ပညာရှင်ကြီးများ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် သမိုင်းသုတေသနနှင့်အမျိုးသား စာကြည့်တိုက်ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် အကြံပေးပညာရှင်များ၊ ပျူခေတ်သုတေသန တူးဖော်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သော အရာရှိကြီးများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လေ့လာသူပြင်ပပညာရှင်များ တက်ရောက်ကြသည်။

အစီအစဉ်အရ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ရှေးဟောင်းသုတေသန နည်းပညာသင်တန်းကျောင်း (ပြည်)ကျောင်းအုပ်ကြီး ဦးဝင်းကြိုင်က ပျူခေတ်နှင့်ပတ်သက်၍ နိုင်ငံတကာ ပညာရှင်များ၏ သုတေသနပြုတွေ့ရှိချက်များ၊ ယင်းတို့၏ အယူအဆ၊ တွေ့ရှိချက်များနှင့် သုတေသနပြုတွေ့ရှိမှု အသစ်များကိုလည်းကောင်း၊ ကမ္ဘာ့အမွေအနှစ်ဒေသဌာနခွဲ ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦးက “Pyu Ancient Cities: Buddhist Urban Culture”နှင့်စပ်လျဉ်း၍လည်းကောင်း၊ မန္တလေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက်က ပျူခေတ် ကာလအတွက် ကိုးကားလေ့ရှိသည့် တရုတ်- မန်ရှူး ကျမ်းပါ အခန်းများ၏ အားသာချက် အားနည်းချက် များကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းလွင်က သရေခေတ္တရာမြို့ဟောင်း တူးဖော်မှုမှ တွေ့ရှိရသည့် တွေ့ရှိချက်များနှင့် ပျူတို့ ၏ အနုလက်ရာများ (Art History)ကို ရှင်းလင်းတင်ပြကြပြီး မြန်မာသမိုင်းအဖွဲ့ပညာရှင်များက ပျူခေတ်သမိုင်းရေးသားရာတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ တူးဖော်တွေ့ရှိချက်များသည် များစွာခိုင်မာပြီး အထောက်အကူများစွာရရှိကြောင်း ဆွေးနွေးကြသည်။

ထို့နောက် စစ်ကိုင်းပညာရေးတက္ကသိုလ် မြန်မာစာဌာန ပါမောက္ခ(ဌာနမှူး) ဒေါက်တာ မောင်မောင်ဆွေက ပျူခေတ်အက္ခရာအရေးအသား များနှင့်ပတ်သက်၍လည်းကောင်း၊ မြန်မာသမိုင်းအဖွဲ့ဝင် ဦးကျော်က သမိုင်းကြောင်းရေးသားရာတွင် သမိုင်းပညာရှင်များသာမက ဌာနဆိုင်ရာများမှ ကျွမ်းကျင်ပညာရှင်များကို အားကိုးအားထားပြုရ သည်များကိုလည်းကောင်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲ ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက ပျူခေတ် “ရေစီမံခန့်ခွဲမှုနှင့် အသုံးချပုံစနစ်” အကြောင်းကိုလည်းကောင်း၊ ပြင်ပ လေ့လာသူ ဈာန်သစ်အောင်(ဦးကျော်စွာနိုင်)က သရေခေတ္တရာ အမည်နှင့်ပတ်သက်၍ တံဆိပ်တုံး တစ်ခု၏ တံဆိပ်စာကိုလည်းကောင်း၊ ဦးဘုန်းတင့်ကျော်က မြန်မာ့သမိုင်းကို အသစ်ပြန်ရေးရမည်ဟု ဝါရင့်သမိုင်းပညာရှင်များက မှတ်ချက်ပြုထားချက် များနှင့်စပ်လျဉ်း၍လည်းကောင်း၊ ယခင်ပြည်ပ ပညာရှင်များရေးသားခဲ့သော ပျူနှင့်ပတ်သက်၍ မှားယွင်းချက်များ၊ မန်ရှူးကျမ်း၏ အားနည်းချက်များကို လည်းကောင်း ဆွေးနွေးကြသည်။

ထို့နောက် ရှေးဟောင်းသုတေသနနှင့်အမျိုးသား ပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်ဦးလွင်က ရှေးဦးမြို့ပြတည်ထောင်မှုစတင်ခဲ့သည့် ကာလဖြစ်သော ပျူခေတ်ကာလ သမိုင်းစဉ်နှင့် ပတ်သက်၍ သုံးရက်တာ ဆွေးနွေးချက်များကို ခြုံငုံ သုံးသပ်ဆွေးနွေးတင်ပြသည်။

မြန်မာ့သမိုင်းစဉ်၏ ကဏ္ဍတစ်ခုဖြစ်သော ပရိုင်း မိတ်ကာလ သမိုင်းစဉ်နှင့် ပတ်သက်၍ ဇွန် ၂၇ ရက် နှင့် ၂၈ ရက်တို့တွင် အမျိုးသားပြတိုက် (ရန်ကုန်)ဘက်စုံခန်းမ၌ ဆွေးနွေးပွဲကျင်းပမည်ဖြစ်ကြောင်း၊ ပညာရှင်များ ပါဝင်ဆွေးနွေးနိုင်ကြောင်း၊ ပါဝင် ဆွေးနွေးလိုသူ ပညာရှင်များအနေဖြင့် မိမိတို့ ကိုယ်တိုင် သုတေသနပြု တွေ့ရှိချက်များ၊ ခိုင်မာသော အထောက်အထားများကိုပါ ပူးတွဲယူဆောင်၍ အထောက်အထား တင်ပြဆွေးနွေးရန်လိုကြောင်းနှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ရန်ကုန်ဌာနခွဲ ညွှန်ကြားရေးမှူး ဖုန်း-095061832၊ Email: departmentofarchaeologyygn @gmail.com များသို့ ကြိုတင်ဆက်သွယ်ရန် စာရင်း ပေးထားရန် လိုအပ်ကြောင်း သိရသည်။

သတင်းစဉ်