Skip to main content

၁၆-၆-၂၀၂၂ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများပြုလုပ်သည့် (၁၆)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှတ်တမ်း

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၆) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ၂၀၂၂ ခုနှစ်၊ ဇွန် ၁၆ ရက် မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့်ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားကြသည်။

(ယမန်နေ့မှအဆက်)

NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက မိမိအနေဖြင့် မေးခွန်းမမေးမီ ထိုင်းနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် သံဃာတော်များနှင့်ပတ်သက်၍ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို အကြံပြု၊ အကူအညီပေးရန် တောင်းဆိုခြင်းအား ဦးစွာပြောကြားလိုကြောင်း၊ ယခုလက်ရှိ ထိုင်းနိုင်ငံတွင် စာပေသင်ကြားခြင်း အပါအဝင် အကြောင်း အမျိုးမျိုးဖြင့် ရောက်ရှိနေသည့် သံဃာတော်များသည် လက်ရှိအချိန်တွင် ဘုန်းတော်ကြီးကျောင်းများတွင် တည်းခိုခွင့်မရတော့ဟု သိရကြောင်း၊ ၎င်းသံဃာတော်များ အနေဖြင့် တည်းခိုခန်း၊ ဟိုတယ်များတွင် တည်းခိုသီတင်းသုံးနေရသဖြင့် ဆွမ်း၊ ကွမ်း၊ စသည့် ပစ္စည်းလေးပါး အခက်အခဲတွေ့ကြုံနေရသည်ဟု ကြားသိရကြောင်း၊ အဆိုပါကိစ္စများကို အကူအညီပေးနိုင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို အကြံပြုလိုကြောင်း၊ မိမိမေးမြန်းလိုသည်မှာ တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်၍ မေးလိုကြောင်း၊ မိမိအနေဖြင့် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် မင်္ဂလာဒီပရပ်ကွက်တွင် နေထိုင်ပြီး ဇွန် ၃ ရက် နံနက် ၆ နာရီကျော်ခန့်တွင် မိမိနေအိမ် ခြံတံခါးပိတ်ထားသော်လည်း မိမိအိမ်အတွင်းတွင်ရှိသည့် လက်ကိုင်ဖုန်းများအား ခိုးယူသွားခြင်းခံရကြောင်း၊ မိမိကိုယ်တွေ့ဖြစ်စဉ်မျိုး နေပြည်တော်ကဲ့သို့ အချို့နေရာမျိုးတွင် ရှိနိုင်သည့်အတွက် တရားဥပဒေစိုးမိုးမှုရှိရေးအပိုင်းကို ယခုလက်ရှိ အခြေအနေထက် ပိုမိုထိရောက်သည့် အစီအစဉ်များဖြင့် ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိ သိလိုကြောင်း မေးမြန်းသည်။

ပူးပေါင်းပါဝင် ကူညီကြရန် မေတ္တာရပ်ခံ

ဗိုလ်ချုပ်ဇော်မင်းထွန်းက ပစ္စည်းပျောက်သည့်ကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာ ရဲစခန်းသို့ အမှုဖွင့်တိုင်ကြားထားရန် လိုမည်ဖြစ်ကြောင်း၊ နောက်တစ်ချက်မှာ လုံခြုံရေးတာဝန်များကို အဓိက ဆောင်ရွက်နေသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံးနှင့် နေပြည်တော်တစ်ဝန်းလုံး၌ပါ အလုပ်တာဝန် များပြားကြောင်း၊ မိမိတိုက်တွန်းလိုသည်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လုံခြုံရေးနှင့်ပတ်သက်လျှင် ဖိဖိစီးစီးဆောင်ရွက်နေကြသည်ကို တွေ့ရ ကြောင်း၊ ထို့အပြင် ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် ပူးပေါင်းပါဝင် ကူညီကြရန် မေတ္တာရပ်ခံလိုကြောင်း ပြန်လည်ဖြေကြားသည်။

Myanmar National Post မှ အယ်ဒီတာချုပ် နောင်တော်လေးက မိမိအနေဖြင့် အကြမ်းဖက် PDF သောင်းကျန်းနေသည့် ဒေသသို့ သွားရောက်ခဲ့သည့် အခြေအနေနှင့် ယင်းဒေသများတွင် ဖြစ်ပေါ်နေ သည့်အခြေအနေများကို အခြေခံပြီး မေးမြန်းလိုကြောင်း၊ ချောင်းဦးမြို့နယ် ကင်ပွန်းတောင်ရွာသည် အကြမ်းဖက်လုပ်ရပ်များကို လုံးဝအားမပေးကြောင်း၊ ၎င်းတို့ကျေးရွာအနေဖြင့် ပြည်သူ့စစ်ဖွဲ့စည်းပြီး ဘေးပတ်ပတ်လည်မှ PDF များကို ခုခံကာကွယ်နေသည်ဟု သိရကြောင်း၊ ၎င်းရွာတွင် အကြမ်းဖက်အဖွဲ့များ၏ သတ်ဖြတ်ခြင်းခံရသူ ၃၇ ဦးရှိပြီး ဇွန် ၁၄ ရက်နေ့တွင် မိုင်းဆွဲတိုက်ခိုက်မှုကြောင့် တစ်ဦး ထပ်မံသေဆုံးခဲ့ခြင်းကြောင့် ၃၈ ဦးအထိ အသတ်ခံခဲ့ရကြောင်း၊ လက်ရှိအချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူများကို တင်ပြထားခြင်းကြောင့် ရဲတပ်ဖွဲ့နှင့် တပ်မတော်သားအချို့ ရောက်ရှိနေကြောင်း၊ ရွာသူ၊ ရွာသားများအဓိကလိုလားသည်မှာ ၎င်းရွာမှ ဈေးသွား၊ ဈေးဝယ်သွားလာရန် လမ်းသည်ခက်ခဲသည့် အခြေအနေရှိနေသောကြောင့် အဆိုပါလမ်းအား အမြန်ဆုံး မိုင်းရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်ပေးရေးနှင့် အစွန်းရောက်အကြမ်းဖက်အဖွဲ့ လာရောက် ခြင်းမရှိရေးတို့အတွက် ဆောင်ရွက်ပေးရန် ရှိ/မရှိနှင့် ကန့်ဘလူ၊ တန့်ဆည်၊ ကျွန်းလှဘက်မှ ကျေးရွာများအနေဖြင့် ပြည်သူ့စစ်ဖွဲ့စည်းနိုင်သည့် ကျေးရွာများတွင် စာသင်ကျောင်းများဖွင့်လှစ်နိုင်ခြင်းရှိပြီး ပြည်သူ့စစ် မဖွဲ့စည်းနိုင်သည့် ကျေးရွာများတွင် စာသင်ကျောင်းများဖွင့်လှစ်နိုင်ခြင်းမရှိသည်ကို တွေ့ရကြောင်း၊ လက်ရှိပြည်သူ့စစ် ဖွဲ့စည်းထားသည့်ကျေးရွာများတွင် လက်နက်များ ထပ်မံပြည့်စုံအောင် ဖြည့်တင်းပေးစေလိုကြောင်း၊ ထိုသို့လက်နက်များ ပြည့်စုံစွာဖြင့် ခုခံကာကွယ်နိုင်ပါက PDF များ နှစ်လအတွင်း အမြစ်ပြုတ်သွားနိုင်သည်ဆိုသည့် မျှော်လင့်ချက်များ ဒေသခံများတွင်ရှိနေကြောင်း၊ ပြည်သူ့စစ် အကာအကွယ်ဖြင့် ကျောင်းဖွင့်နိုင်သည့် ကျေးရွာများတွင် ဆရာ ဆရာမ လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြည်သူ့စစ်အဖွဲ့ ဖွဲ့စည်းထားသည့် ကျေးရွာများရှိကြောင်း၊ ပြည်သူ့စစ်အဖွဲ့ ဖွဲစည်းရာတွင် ၁၉၅၉ ခုနှစ်၊ ဥပဒေအတိုင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ပြည်သူ့စစ်အဖွဲ့ဖွဲ့စည်းရန် နယ်မြေအေးချမ်းသာယာမှုမရှိသည့် ဒေသများ၊ နယ်မြေအခက်အခဲ ဖြစ်သည့် ဒေသများရှိ ပြည်သူလူထုမှ သက်ဆိုင်ရာကို လျှောက်ထားရ မည်ဖြစ်ကြောင်း၊ ယင်းသို့လျှောက်ထားမှုများအပေါ် အဆင့်ဆင့် ဆုံး ဖြတ်၍ ဖွဲ့စည်းရကြောင်း၊ ပြည်သူ့စစ်ဖွဲ့စည်းသည့်နေရာတွင်လည်း လုပ်ချင်သလို လုပ်၊ ဖွဲ့ချင်သလိုဖွဲ့ ဖွဲ့စည်း၍မရကြောင်း၊ ပင်မအဖွဲ့၊ အရန်အဖွဲ့ဟူ၍ ဖွဲ့စည်းရကြောင်း၊ လက်နက်တပ်ဆင်ရာတွင်လည်း လိုအပ်သည့် လက်နက်သာ တပ်ဆင်ရကြောင်း၊ ထို့ပြင် လိုအပ်သည့် လုံခြုံရေးဆိုင်ရာသင်ကြားမှုများ ဆောင်ရွက်ရကြောင်း၊ စည်းမျဉ်း၊ စည်းကမ်းများသည်လည်း လက်နက်ကိုင်တပ်ဖွဲ့များအတိုင်း လိုက်နာ ဆောင်ရွက်ရကြောင်း၊ ပြည်သူ့စစ်ဖွဲ့စည်းရာတွင် စနစ်တကျသင်ကြားပြီးမှ ဆောင်ရွက်ရကြောင်း၊ သင်ကြားရာတွင် သေနတ်ပစ်ခတ်တတ်ရုံ သင်ကြားပေးခြင်း မဟုတ်ဘဲ ၎င်းတို့လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာရကြောင်း၊ တစ်နိုင်ငံလုံးတွင် ဖွဲ့စည်းပေးထားသည့် ပြည်သူ့စစ်အားလုံးက လိုက်နာကြရကြောင်း။

ပြည်သူ့စစ်အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းပေးပြီးလျှင် ယင်းပြည်သူ့စစ်ဖွဲ့စည်းထားသည့် ကျေးရွာကို PDF များအနေဖြင့် ဝိုင်းဝန်းတိုက်ခိုက်မှုမျိုး တွေ့ရကြောင်း၊ ထို့ကြောင့် ပြည်သူ့စစ်အဖွဲ့များအတွက် လုံလောက် သော လက်နက်/ ခဲယမ်းများ ဖြည့်ဆည်းပေးရန် တောင်းဆိုမှုများရှိ ကြောင်း၊ ယင်းတောင်းဆိုမှုများကို စနစ်တကျလုပ်ဆောင်ပေးလျက်ရှိ ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့်လည်း ယင်းကိစ္စနှင့်ပတ်သက်၍ လုပ်ဆောင်ပေးနေမှုများရှိသော်လည်း တိုင်းဒေသကြီး အစိုးရအဖွဲ့ တစ်ဖွဲ့တည်းနှင့်လည်း လုံလောက်မှုမရှိသည်ကို တွေ့ရှိရကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ပြည်သူ့စစ်ဖွဲ့စည်းထားသည့် ကျေးရွာများသာမက မဖွဲ့ထားသည့် ကျေးရွာများအတွက်ပါ တာဝန်ရှိကြောင်း၊ ထောက်ပံ့၊ ပံ့ပိုးမှုများလုပ်ဆောင်နေသည်ကို တွေ့ရကြောင်း၊ ဆောင်ရွက်ရသည့်ကိစ္စရပ်များ များပြားသည့်အတွက် လစ်ဟင်းမှုများလည်း ရှိနိုင်ကြောင်း၊ မိမိပြောလိုသည်မှာ နယ်မြေဒေသအသီးသီးရှိ ဒေသခံပြည်သူများအနေဖြင့် မိမိရပ်ရွာလုံခြုံရေး၊ မိမိ သား၊ သမီး လုံခြုံရေးအတွက် ပြည်သူ့စစ်ဖွဲ့စည်းပြီး လုံခြုံရေးအရ မြန်မာနိုင်ငံအရပ်ရပ်တွင်ရှိသည့် ပြည်သူ့စစ်အဖွဲ့ဝင်များ၊ အထောက် အကူပြုအဖွဲ့များနှင့် ပတ်သက်ပြီး တပ်မတော်အနေနှင့်ရော နိုင်ငံတော်အနေဖြင့်ပါ ပူးပေါင်းဆောင်ရွက်မှုများအတွက် အသိအမှတ် ပြု ကျေးဇူးတင်ရှိသည်ကို ပြောလိုကြောင်း။

မီဒီယာများကို အထူးကျေးဇူးတင်ရှိ

ယင်းလိုအပ်ချက်များနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရများကို တင်ပြပြီး နေပြည်တော်ရှိ သက်ဆိုင်ရာပြည်ထဲရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနများကို မိတ္တူပေးရန်လိုကြောင်း၊ မိမိတို့အနေဖြင့်လည်း ပေါင်းစပ်ညှိနှိုင်းပြီး အကောင်းဆုံးဆောင်ရွက်သွားမည်၊ အကောင်းဆုံးကာကွယ် စောင့်ရှောက်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ မည်သည့်ဘက်မှ မပါဘဲ ၎င်းတို့နယ်မြေဒေသတည်ငြိမ် အေးချမ်းစေရန်နှင့် ကလေးများ ကောင်းမွန်စွာ ပညာသင်ကြားစေလိုမှုကိုလိုလားသည့် လူမှုအကျိုး ဆောင်အဖွဲ့များ၊ အချို့သော ဆရာတော်များလည်းရှိကြောင်း၊ ၎င်းတို့သည် တပ်မတော်ကို အားပေးထောက်ခံခြင်းမဟုတ်၊ မည်သည့်ဘက်မှ ထောက်ခံခြင်းလည်းမဟုတ်ဘဲ ၎င်းတို့နယ်မြေဒေသအတွင်း တည်ငြိမ်အေးချမ်းမှုရှိရန်၊ ကလေးများ ကောင်းမွန်စွာပညာသင်ကြားနိုင်ရန်၊ ၎င်းတို့ ရွာသူ/ ရွာသားများကို မည်သူမျှ နှောင့်ယှက်မခံရစေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ထိုသူများကိုလည်း အသိအမှတ်ပြုပါကြောင်း၊ ၎င်းတို့ဆောင်ရွက်ချက်များနှင့်ပတ်သက်ပြီး မိမိအနေဖြင့် လေးစားသည်ကို ပြောလိုကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်ပြီး အခက် အခဲရှိပါက သက်ဆိုင်ရာကို အချိန်မီပြောပေးရန် လိုအပ်မည်ဖြစ် ကြောင်း၊ ယခုကဲသို့ သတင်းစကားများကို သယ်ဆောင်လာသည့် မီဒီယာများကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်းဖြင့် ပြန်လည်ဖြေကြားသည်။

97 မီဒီယာမှ သတင်းထောက်ချုပ် နန္ဒလင်း (ထားဝယ်)က ကျန်းမာရေးဝန်ကြီးဌာနနှင့် The Global Fund အဖွဲ့တို့ ဆွေးနွေးခဲ့သည်ဟု သိရှိရကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌လည်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဟု သိရကြောင်း၊ Inter-national Organization တစ်ခုဖြစ်သည့် The Global Fund အဖွဲ့နှင့် မြန်မာနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်မှုအခြေအနေကို သိရှိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက The Global Fund အဖွဲ့သည် မြန်မာနိုင်ငံကို ၂၀၀၀ ပြည့်နှစ်ကျော်ကတည်းပင် ပူးပေါင်းဆောင်ရွက် နေကြောင်း၊ ယခုလည်း ဆွေးနွေးမှု လုပ်ငန်းဆောင်ရွက်မှုများ ရှိနေ ကြောင်း ပြန်လည်ဖြေကြားသည်။

အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ

ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက အဆိုပါကိစ္စနှင့် ပတ်သက်၍ The Global Fund နှင့် ၂၀၀၅ ခုနှစ်ကတည်းကပင် လုပ်ငန်းစတင်ခဲ့ကြောင်း၊ ယင်းအဖွဲ့သည် တီဘီရောဂါတိုက်ဖျက်ရေး လုပ်ငန်းအတွက် စတင်ပံ့ပိုးပေးခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ်တွင် HIV ၊ AIDS ရောဂါနှင့် ငှက်ဖျားရောဂါတိုက်ဖျက်ရေးတို့အတွက် ကူညီပံ့ပိုး ပေးခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း စုစုပေါင်း အမေရိကန် ဒေါ်လာ ၅၅၅ ဒသမ ၃ သန်း ထောက်ပံ့ပေးခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်အတွက်လည်း အမေရိကန်ဒေါ်လာ ၂၆၁ ဒသမ ၆ သန်း ထောက်ပံ့ပေးလျက် ရှိကြောင်း၊ Global Fund က ထောက်ပံ့ပေးသော ရန်ပုံငွေအား ကျန်းမာရေးဝန်ကြီးဌာနမှ ဦးဆောင်မှု၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရနှင့် တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့၏  အနီးကပ် ကြီးကြပ်မှုဖြင့် ပြည်တွင်း၊ ပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရောဂါကြီး သုံးမျိုးဖြစ်သည့် HIV ၊ AIDS ၊ တီဘီနှင့်ငှက်ဖျားရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများကို ကျေးလက်ဒေသ အောက်ခြေအထိ ဆောင်ရွက်လျက်ရှိကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ရောဂါကြီးသုံးမျိုးနှင့်ပတ်သက်၍ ရောဂါကာကွယ်ကုသရေးလုပ်ငန်းနှင့် ဆေးနှင့်ဆေးပစ္စည်းဝယ်ယူရန်အတွက် ၂၀၁၅-၂၀၁၆ ခုနှစ်ဘဏ္ဍာနှစ်မှ စပြီး ရန်ပုံငွေများကိုလည်း Contribution လုပ်သည်ဟုခေါ်ကြောင်း၊ ထဲထဲဝင်ဝင် ပေးပါကြောင်း။

Global Fund အဖွဲ့သည် မြန်မာနိုင်ငံကို ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအတွက် ဆေးနှင့်ဆေးပစ္စည်းများကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၃ သန်းခန့် ထောက်ပံ့ပေးခဲ့သည့် ပစ္စည်းများကို ကျန်းမာရေးဝန်ကြီးဌာနက ဦးစီး၍ ဖြန့်ဖြူးပေးလျက်ရှိကြောင်း၊ ကိုဗစ်-၁၉ နှင့် ပတ်သက်ပြီး ဆက်လက်ပူးပေါင်း ဆောင်ရွက်ရန်ရှိကြောင်း၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်းတွင်လည်း Global Fund အဖွဲ့၏ ထောက်ပံ့မှုများမှာ ရပ်ဆိုင်းသွားခြင်း မရှိကြောင်း၊ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ HIV၊ AIDS၊ တီဘီနှင့် ငှက်ဖျားရောဂါတိုက်ဖျက်ရေး လုပ်ငန်းများတွင် ၎င်း၏ထောက်ပံ့မှုကြောင့် အောင်မြင်မှုများရရှိခဲ့ကြောင်း၊ အထူးသဖြင့် ငှက်ဖျားရောဂါတိုက်ဖျက်ရေးတွင် သေဆုံးမှုများ သိသိသာသာ ကျဆင်းခဲ့ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် Global Fund တို့၏ တွေ့ဆုံဆွေးနွေးမှုများအရ ယင်းအဖွဲ့၏ လက်ရှိထောက်ပံ့မှုအနေဖြင့် ၂၀၂၃ ခုနှစ်အထိ ဆက်လက် ရရှိမည်ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ် နောက်ပိုင်းတွင်လည်း ယင်းအဖွဲ့နှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြည့်စွက် ပြောကြားသည်။

General Life News မှ အယ်ဒီတာ ဦးအောင်ထူးထက်က မိမိအနေဖြင့် ပခုက္ကူခရိုင်အတွင်းရှိ တန့်ကြည်တောင်ဒေသ၏အခြေအနေ နှင့်စပ်လျဉ်း၍ မေးမြန်းလိုကြောင်း၊ မိမိနှင့် ဒေသခံတချို့ ဖုန်းအဆက်အသွယ်ရရှိကြောင်း၊ မြေပြင်အခြေအနေအရ တန့်ကြည်တောင်သာမက မြန်မာနိုင်ငံအတွင်း နေရာအနှံ့အပြားတွင် ဖြစ်နေကြောင်း၊ ပြည်သူလူထုအနေဖြင့် မိမိတို့ဒေသနေထိုင်ရာအရပ် အေးချမ်းတည်ငြိမ်ရန်နှင့် အဖျက်အမှောင့်လုပ်ငန်းများ ကင်းရှင်းရန်အတွက် ၎င်းတို့နှင့်ဆက်စပ်သည့် မီဒီယာများမှတစ်ဆင့်ပြောနေသကဲ့သို့ တခြားဆက်စပ်သည့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်လည်း ချိတ်ဆက်၍ ပြောနေသူ များလည်းရှိကြောင်း၊ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက တန့်ကြည်တောင် ဘုရားသို့ ဘုရားဖူးလာရောက်သည့် ကားတစ်စီးကို တိုက်ခိုက်ခံခဲ့ရသည်ဟု မိမိကိုဖုန်းဆက်၍ပြောကြောင်း၊ ယင်းတန့်ကြည်တောင်၏ အနေအထားကို ၎င်းတို့၏ပြောကြားချက်အရ တောင်ပေါ်သို့ PDF အကြမ်းဖက်များက မကြာမကြာလာရောက် အခြေပြုလေ့ရှိကြသည်ဟု သိရကြောင်း၊ ထိုတောင်ပေါ်မှ တိုက်ခိုက်မှုအမျိုးမျိုး လုပ်နိုင်ကြောင်း၊ ထို့ကြောင့် ဒေသခံများက တန့်ကြည်တောင်ပေါ်တွင် တပ်မတော် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များ တစိုက်မတ်မတ် အခြေပြု၍ လုံခြုံရေးဆောင်ရွက်ပေးစေလိုသည့် ဆန္ဒများရှိနေကြကြောင်း၊ လက်ရှိ တန့်ကြည်တောင်ပေါ်တွင် ဘုရားဂေါပကမှ ခန့်ထားသည့် ဘုရားလုံခြုံရေးသာရှိပြီး အခြားတပ်မတော်၏ တပ်ရင်းတပ်ဖွဲ့ အသီးသီးမှ လုံခြုံရေးတာဝန်ပေးထားသည့် တပ်မတော်သားများ မရှိ သကဲ့သို့ သက်ဆိုင်ရာနယ်မြေခံရဲတပ်ဖွဲ့စခန်းများမှ ရဲတပ်ဖွဲ့ဝင် များလည်း မရှိကြောင်း၊ ထို့ကြောင့်ဒေသခံများအနေဖြင့် တောင်ကုန်းပေါ်တွင် တပ်မတော်နှင့် သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များ ခြေကုပ်ယူကာ လုံခြုံရေးကို ဆောင်ရွက်ပေးစေလိုသည့် ဆန္ဒများရှိနေကြောင်း၊ ထို့ကြောင့် ဗိုလ်ချုပ်တို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ထိုဒေသ၏လုံခြုံရေးအတွက် မည်ကဲ့သို့ ကူညီဆောင်ရွက်ပေးနိုင်မည်၊ မည်ကဲ့သို့ တာဝန်ယူဖြေရှင်းပေးနိုင်မည် ဆိုသည်ကို သိလိုကြောင်း မေးမြန်းသည်။

လုံခြုံရေးအစီအမံများ ဆောင်ရွက်ပေးသွားမည်ဖြစ်

ဗိုလ်ချုပ် ဇော်မင်းထွန်းက ထိုဒေသသည် အကြမ်းဖျဉ်းအားဖြင့် အေးချမ်းသည့်နေရာဖြစ်ကြောင်း၊ နယ်မြေခံပြည်သူလူထုအနေဖြင့် များသောအားဖြင့် ပုဂံဘက်မှ တန့်ကြည်တောင်သို့ ဘုရားဖူးလာရောက်သည့် ဘုရားဖူးလုပ်ငန်းကို လုပ်ကိုင်နေရသည့် အနေအထားရှိကြောင်း၊ ပြီးခဲ့သည့်ရက်သတ္တပတ်က ဘုရားဖူးကားကို ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း၊ ဘုရားဖူးကားမှန်းသိလျက်နှင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ဘုရားဖူးခရီးသည်တစ်ဦး သေဆုံးခဲ့ကြောင်း၊ နောက်ပိုင်းတွင် ဘုရားဖူးများလာရောက်ခြင်း မရှိတော့သဖြင့် ဒေသခံ များ၏ စီးပွားရေးကို များစွာထိခိုက်နစ်နာခဲ့ကြောင်း၊ ထိုနေရာသည် ယင်းဒေသ၏ အမြင့်ဆုံးနှင့် အရေးကြီးသည့်နေရာလည်း ဖြစ်ကြောင်း၊ သတင်းထောက်ကြီးအနေဖြင့် သတင်းစကားများ ပြောကြားပေးသည့် အတွက်ကြောင့်လည်း ကျေးဇူးတင်ကြောင်း၊ မိမိအနေဖြင့် သက်ဆိုင်ရာ လုံခြုံရေးအစီအမံများ ဆောင်ရွက်ခွင့်ရရှိရေးအတွက် ဆက်လက်ပြီး ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

Top Phoenix Agency မှ အကြီးတန်းသတင်းထောက် ဦးသိန်းဝင်းဦး ကလောင်(ဧရာဦးသာ)က နိုင်ငံတော်အစိုးရအနေဖြင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းသား ကျောင်းသူများအတွက် ကျောင်းသုံးပုံနှိပ်စာအုပ်များနှင့် ဆက်စပ်ပစ္စည်းများကို ထောက်ပံ့ပေးသည့်အတွက် ပြည်သူလူထုက ဂုဏ်ယူဝမ်းသာပီတိဖြစ်နေသည်ဟု ဦးစွာပထမပြောလိုကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ထောက်ပံ့ ပေးသည့် ကျောင်းသုံးပုံနှိပ်စာအုပ်များနှင့်ဆက်စပ်ပစ္စည်များကို တိုင်းနှင့် ပြည်နယ်၊ မြို့နယ်များရှိ အချို့သော အခြေခံပညာမူလတန်းကျောင်းများတွင် လုံလုံလောက်လောက် မရရှိသေးကြောင်း၊ ထိုကဲ့သို့ လုံလုံလောက်လောက်မရရှိသည့်အပေါ်တွင် နိုင်ငံတော်အစိုးရအနေဖြင့် မည်ကဲ့သို့ ဆောင်ရွက်ထားသည်ကို သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက မိမိတို့လုပ်ဆောင်ထားသည့် မူဝါဒအပိုင်းကို ပြောကြားသွားမည် ဖြစ်ကြောင်း၊ ကျန်သည့် အသေးစိတ်ကို ပညာရေးဝန်ကြီးဌာနက ရှင်းလင်းပေးမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ကျောင်းသုံးပုံနှိပ်စာအုပ်များကို အခမဲ့ဖြန့်ဝေပေးကြောင်း၊ ပထမ ဦးဆုံးလျာထားသည်မှာ ယခင်နှစ်ကျောင်းတက်သည့် အင်အားကိုသာ လျာထားခြင်းဖြစ်ကြောင်း၊ ယခင်နှစ်က ကျောင်းတက်သည့် အင်အားနှင့် တန်းစဉ်ကူးပြောင်းလာသည့်အင်အား မည်မျှရောက်လာမည်၊ မည်မျှရိုက်သင့်သည်ဆိုသည့်အပြင် ရိုက်သင့်သည်ထက် ပိုမိုရိုက်နှိပ်ထားကြောင်း၊ ယင်းသို့ ရိုက်နှိပ်သည့် အချိန်တွင် အမှန်တကယ် တက်လာသည်နှင့် စာရင်းကွာဟမှုရှိနိုင်ကြောင်း၊ နေရာပြောင်းရွှေ့ခြင်း နှင့်ပတ်သက်၍ အတတ်နိုင်ဆုံးပညာရေးဝန်ကြီးဌာနအနေဖြင့် မေတ္တာရပ်ခံထားကြောင်း၊ မိမိတို့အနေဖြင့် လက်တွေ့မြေပြင်အခြေအနေကိုလည်း သိရှိကြောင်း၊ ဤကျောင်းတစ်ကျောင်းတွင် အပ်နှံသည့် ကျောင်းသားဦးရေ ယခုနှစ်တွင် ထိုမျှရှိသည်ဆိုလျှင် နောင်နှစ်တွင် လည်း တန်းစဉ်ကူးပြောင်းတွင် ထိုမျှသာရှိမည်ဟု ခန့်မှန်းကြောင်း၊ သို့သော် လက်တွေ့အမှန်တကယ် မြေပြင်တွင် မိဘများက ၎င်းတို့ ကလေးများကို ကျောင်းပြောင်းရွှေ့အပ်နှံသည့်အတွက်ကြောင့် စာရင်းကွာခြားမှုများ ရှိနေကြောင်း၊ မိမိတို့အနေဖြင့် ကျောင်းသုံးစာအုပ်များ ပို့သည့်အချိန်တွင် တချို့ခရိုင်များ၌ အခက်အခဲများရှိကြောင်း၊ ရန်ကုန်ကဲ့သို့နေရာမျိုးမဟုတ်ကြောင်း၊ မိမိအနေဖြင့် ယခင်အပတ် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သကဲ့သို့ မီးရှို့ဖျက်ဆီးခံရသည်များရှိကြောင်း၊ ကျောင်းသုံးစာအုပ်များကို လုယူသွားသည်များရှိကြောင်း၊ ယခုအချိန်အထိ မပို့နိုင်သေးသည့် ခရိုင်များရှိကြောင်း၊ နီးစပ်ရာခရိုင် များတွင် စုပုံထားရကြောင်း၊ စစ်ကိုင်းတိုင်းအတွင်းက တချို့ခရိုင်များသို့ မပို့ပေးနိုင်သေးကြောင်း၊ ကြိုးစားပြီးပေးပို့သော်လည်း မိမိတို့ သုံးကြိမ် ပို့လျှင် သုံးကြိမ်စလုံး မီးရှို့ခံရကြောင်း၊ ရေကြောင်းက ပို့သော်လည်း စာအုပ်များဖျက်ဆီးခံရကြောင်း၊ စာအုပ်များ ပါသွားသဖြင့် စက်လှေ ပိုင်ရှင်နှင့် ပို့ပေးသည့်ပိုင်ရှင်များက PDF များအား ပိုက်ဆံ ၁၀ သိန်း ပေးပြီး ပြန်ရွေးခဲ့ရသည့် အဖြစ်အပျက်လည်းရှိခဲ့ကြောင်း၊ ထိုကိစ္စများသည် မြေပြင်တွင် အမှန်တကယ်ဖြစ်နေသည့် အခက်အခဲဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ရိုက်နှိပ်ထားပြီးဖြစ်သည့် အတွက် ဆက်လက်ပေးပို့သွားမည်ဖြစ်ကြောင်း၊ အခက်ခဲရှိလာလျှင် ယခုလို ပြောစေလို ကြောင်း၊ တင်ပြလာသည့်ကိစ္စအပေါ်တွင် ဖြည့်ဆည်းဆောင်ရွက်ပေး ရန်အသင့်ရှိပါကြောင်း၊ အသေးစိတ်ကို ပညာရေးဝန်ကြီးဌာနက ဆက်လက်ဖြေကြားပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက မိမိတို့ အခြေခံပညာဦးစီးဌာနအနေဖြင့် အခြေခံပညာကျောင်းများတွင် တက်ရောက်ကြသည့် ကလေးများအားလုံးအတွက် ပုံနှိပ်စာအုပ်အားလုံးကို ပြည့်ပြည့် စုံစုံ ရိုက်နှိပ်ပြီးဖြစ်ကြောင်း၊ ပိုမိုပြီး ရိုက်နှိပ်ထားသည်များလည်းရှိ ကြောင်း၊ မြို့နယ်များတွင်ရှိသည့် ကျောင်းများသို့ ဖြန့်ဝေသည့်အချိန် တွင် ယခင်နှစ်ကရှိသည့် ကျောင်းသားအင်အားစာရင်းဖြင့် ဖြန့်ဝေထားပြီး နောက်ထပ် ၁၀ ရာခိုင်နှုန်းခန့်ထပ်ဆောင်း၍ ဝေမျှထားပြီးဖြစ်ကြောင်း၊ သို့သော် ယခင်နှစ်က ကျောင်းမတက်ခဲ့သည့် ကလေးများ၊ ထပ်မံတက်ရောက်လာသည့် ကလေးများနှင့် အခြားဒေသမှ ပြောင်းရွှေ့ရောက်ရှိလာသည့် ကလေးများကြောင့် တချို့နေရာတွင် ကျောင်းသားဦးရေ အတော်များသွားကြောင်း၊ ထို့ကြောင့် လက်ရှိဝေထားသည့် ကျောင်းသုံးစာအုပ် မလုံလောက်သည့်အတွက် ထပ်မံဖြည့်ဆည်းပေးခဲ့ကြောင်း၊ ၎င်းတို့အားလုံး ရကြမည်ဖြစ်ကြောင်း၊ အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေပေးလျက်ရှိကြောင်း၊ ဥပမာ ရန်ကုန်တိုင်းတွင် ယခင်နှစ်ကကျောင်းတက်သည့် ကလေး ၅၈၀၀၀၀ ကျော်သာရှိ ကြောင်း၊ ယခုနှစ်တွင် ၉၃၀၀၀၀ ကျော်ဖြစ်လာကြောင်း၊ မိမိတို့အနေ ဖြင့် အမြန်ဆုံးထပ်မံဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ ထို့ကြောင့် ကျောင်းသားအားလုံး ပုံနှိပ်စာအုပ်ရကြမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

ဆက်လက်၍ Top Phoenix Agency မှ အကြီးတန်းသတင်းထောက် ဦးသိန်းဝင်းဦး ကလောင်(ဧရာဦးသာ)က မိမိအနေဖြင့် ဆက်စပ်မေးခွန်း တစ်ခု ထပ်မံမေးမြန်းလိုကြောင်း၊ ကျောင်းသားများအနေဖြင့် ယခင် နှစ်ကထက် နှစ်ဆခန့် ပိုမိုများပြားလာကြောင်း၊ ယခင် ပညာရေးစနစ် တွင် အခြေခံပညာမူလတန်းတွင် စတုတ္ထတန်းအထိရှိကြောင်း၊ ယခုပညာရေးစနစ်တွင် G-5 ဟုပေါ်လာကြောင်း၊ ထို့ကြောင့် ကလေးများ စာသင်ရန် ကျောင်းဆောင် အခက်အခဲများနှင့် ပညာရေးဝန်ထမ်း ဆရာ ဆရာမ အခက်အခဲရှိနေခြင်းများ ဖြစ်ပေါ်နေကြောင်း၊ ထို အခြေအနေအပေါ် နိုင်ငံတော်အနေဖြင့် မည်ကဲ့သို့ဆောင်ရွက်ပေးမည်ကို သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက ယခုပညာရေးစနစ်ကို ရေးဆွဲသည့် အချိန်တွင် မည်သည့်နှစ်တွင် မည်သည့်အတန်းများကို သင်မည်၊ မည်သည့်နှစ်တွင် မည်သည့်အတန်းများကို စနစ်ဟောင်း မသင်တော့ ဘူးဟု သွားနေခြင်းရှိကြောင်း၊ ယင်းသို့ သွားနေခြင်းကြောင့် ပြဿနာ တစ်ခုမှာ ကျောင်းမနေခဲ့သူများကို Schedule အတိုင်းသွား၍ မရကြောင်း၊ နိုင်ငံတော်အနေဖြင့် ပြန်ပြီးစဉ်းစားပေးရကြောင်း၊ ထို့ကြောင့် စနစ်ဟောင်းနှင့်စနစ်သစ်ကို အတူဖွင့်ပေးလိုက်သည့် အချိန်တွင် အခန်းကျပ်သည့် ပြဿနာများ၊ ဆရာ ဆရာမ မလုံလောက်သည့် ပြဿနာများ၊ နှစ်တန်းသင်ရသည့် ပြဿနာများဖြစ်ပေါ်လာကြောင်း၊ ထိုကိစ္စကို ပညာရေးဝန်ကြီးဌာနနှင့် နိုင်ငံတော်အစိုးရအနေဖြင့် ယခင်နှစ်ကအတားအဆီး အနှောင့်အယှက်များ ရှိခဲ့သည့်အတွက်ကြောင့် မလုပ်ပေးလျှင် ကလေးများ၏ ပညာရေးပိုမိုဆုံးရှုံးသွားမည် ဖြစ်သောကြောင့် မိမိတို့အနေဖြင့် ရှိသည့် ဆရာ ဆရာမအင်အား၊ ရှိသည့် အခန်းအင်အားနှင့်ပင် သင်ကြားရခြင်းဖြစ်ကြောင်း၊ တချို့နေရာများတွင် PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၏ နှောင့်ယှက်မှု၊ ဟန့်တားမှု၊ အကြမ်းဖက်မှုများကြောင့် ကျောင်းပြောင်းရွှေ့လာသည့်ကလေးများ ရှိကြောင်း၊ ယင်းသို့ ကျောင်းပြောင်း၍ အေးချမ်းသည့်နေရာတွင် ပညာသင်ကြားနိုင်သည့် ကလေးများရှိကြောင်း၊ ထို့ကြောင့်နိုင်ငံတော် အစိုးရနှင့် ပညာရေးဝန်ကြီးဌာနအနေဖြင့် ထိုကိစ္စများနှင့်ပတ်သက်ပြီး စာသင်ခန်း မလုံလောက်မှုများ၊ ဆရာ ဆရာမ အင်အားမလုံလောက်မှုများကို ကြိုးစားဖြေရှင်းဆောင်ရွက်လျက်ရှိကြောင်း၊ တချို့နေရာ များတွင် သည်းခံပေးရန်ပြောလိုကြောင်း၊ မိမိတို့အနေဖြင့် အားလုံး အကျိုးအတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုကဲ့သို့သော ဖြစ်စဉ်မျိုးများမဖြစ်စေရန် ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်း။

ပညာရေးဆိုသည်မှာ သီးသန့်ဖြစ်ကြောင်း၊ နိုင်ငံရေးနှင့်လည်း မဆက်စပ်သောကြောင့် တခြားနိုင်ငံများတွင်လည်း စစ်ဖြစ်နေသော်လည်း ပညာသင်ကြားခဲ့ကြောင်း၊ ယခုအချိန်တွင် စစ်ကျွန်ပညာရေးဟု စွပ်စွဲနေပြီး တစ်ဖက်အဖွဲ့အစည်းသို့ ရောက်နေသည့် ဝန်ကြီးအမည်ခံ ပုဂ္ဂိုလ်များနှင့် အခြားအမည်ခံ ပုဂ္ဂိုလ်များကို ၎င်းတို့သည် မည်သည့် ခေတ်တွင် ပညာသင်ကြားခဲ့သလဲဟု မိမိကမေးလိုကြောင်း၊ ၎င်းတို့က မည်သည့်အချိန်တွင်မွေး၍ မည်သည့်ခေတ်တွင် ပညာသင်ကြားခဲ့တာလဲဟု မေးလိုကြောင်း၊ ၎င်းတို့သည် သီပေါမင်းပါတော်မူသည့်နှစ်တွင်မွေးပြီး သီပေါမင်းပါတော်မူသည့် အင်္ဂလိပ်ခေတ်တွင် ပညာသင်ကြားခဲ့ သူများလားဟု မေးလိုကြောင်း၊ များသောအားဖြင့် ၁၉၄၈ ခုနှစ် နောက်ပိုင်းမွေးသည့်သူများသာ ဖြစ်ကြောင်း၊ ၁၉၄၈ ခုနှစ်မှ ၁၉၅၈ ခုနှစ်အထိ ကာလဖြစ်ကြောင်း၊ ၁၉၅၈ ခုနှစ်နောက်ပိုင်းတွင် ၎င်းတို့ ပြောသည့်ခေတ်ဖြစ်ကြောင်း၊ အိမ်စောင့်အစိုးရ တာဝန်ယူကြောင်း၊ ထို့နောက် တော်လှန်ရေးကောင်စီက တာဝန်ယူကြောင်း၊ ၁၉၅၈ ခုနှစ် နောက်ပိုင်း မွေးသည့်သူများအနေဖြင့် မည်သည့်ပညာများ သင်ကြား၍ မည်သည့်နေရာများက ရလာသလဲဟု မိမိကမေးလိုကြောင်း၊ ထို့ကြောင့် ၎င်းတို့ခေတ်တွင် ယင်းသို့လုပ်လာခဲ့ပြီး ကလေးများကို ကန့်သတ်နေခြင်းသည် မလုပ်သင့်ကြောင်း၊ နိုင်ငံရေးနှင့်မဆိုင်ကြောင်း၊ ကလေးများ ပညာရေး၊ သားသမီးများ၏ ပညာရေးဖြစ်ကြောင်း၊ ထို့ကြောင့် ထိုကဲ့သို့လုပ်နေခြင်းသည် တစ်နိုင်ငံလုံး ပညာမတတ်၊ စာမတတ်နှင့် ကျွန်ဖြစ်အောင် ဇာတ်သွင်းနေသည့်သူများဟု ပြောလို ကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာနအနေဖြင့် ဖြည့်စွက်ဆွေးနွေးစရာရှိက ဆွေးနွေးပေးရန် မေတ္တာရပ်ခံပါကြောင်း ပြောကြားသည်။

ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ယခုနောက်ပိုင်းတွင် အတန်းများလာမည် ဖြစ်သောကြောင့် လိုအပ်သည့် ကျောင်းဆောင်နှင့် ဆရာ ဆရာမများ ဖြည့်ဆည်းရန် စီစဉ်ထားပြီးဖြစ်ကြောင်း ဖြည့်စွက် ဖြေကြားသည်။

(ဆက်လက်ဖော်ပြပါမည်)