အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ၏ ပင်လယ်ရေမျက်နှာပြင် အပူချိန်နှင့် လေထုဖြစ်စဉ်များမှာ အားအနည်းငယ်ရှိသော လာနီညာအခြေအနေသို့ ရောက်ရှိနေသည်ဟု မိုးလေဝသနှင့်ဇလဗေဒမှ အသိပေးထားသည်။ ထို့အပြင် နိုင်ငံတကာ မိုးလေဝသဌာနများ၏ သင်္ချာပုံစံပြုမော်ဒယ်များ ခန့်မှန်းချက်အရ ယခုဇွန်လအတွင်း အားအနည်းငယ်ရှိသော လာနီညာအဆင့်တွင် ဆက်လက်တည်ရှိနိုင်သည်ဟု ခန့်မှန်းထားသည်။
ကမ္ဘာကြီးတွင် ရာသီဥတုပြောင်းလဲမှုကြောင့် အေးပြီးစွတ်စိုသော လာနီညာအခြေအနေနှင့် ပူပြင်းပြီးခြောက်သွေ့သော အယ်လ်နီညိုအခြေအနေတို့ မကြာခဏ ဖြစ်ပေါ်လျက်ရှိသည်။ တစ်နည်းဆိုလျှင် ပုံမှန်မဟုတ်သည့် ပူခြင်းနှင့်အေးခြင်း အစွန်းနှစ်ပါးထွက်သော လွန်ကဲရာသီဥတုဖြစ်စဉ်ဖြစ်သည်။ ယခုကာလတွင် လာနီညာဖြစ်စဉ် ပေါ်ပေါက်လျက်ရှိပြီး လာနီညာသည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်နေသည်ဆိုသော်လည်း အဆိုပါဖြစ်စဉ်ကြောင့် ကမ္ဘာတစ်ခြမ်းလုံးရှိ ဒေသများအားလုံးသို့ သက်ရောက်မှုရှိနေပါသည်။ ယေဘုယျအားဖြင့် အရှေ့ဘက်မှ လေပွေလှိုင်းများတိုက်ခတ်ခြင်း၊ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်း ရပ်ဝန်းများ ပိုမိုဖြစ်ပေါ်လာနိုင်ခြင်းနှင့် မိုးရွာသွန်းမှု ပုံမှန်ထက်ပိုမိုသောရာသီဥတု အခြေအနေများ ဖြစ်ပေါ်လာတတ်သည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ ပုံမှန်ရာသီဥတု မိုးရာသီကာလဖြစ်သော်လည်း ပုံမှန်မိုးရွာသွန်းမှုထက် ပိုမိုလွန်ကဲလျက်ရှိသည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံသို့ မုတ်သုံရာသီစောစီးစွာ ဝင်ရောက်ခဲ့ပြီး နိုင်ငံအနှံ့တွင် ယခုအချိန်အထိ မိုးအဆက်မပြတ်ရွာသွန်းနေသည်။ ပုံမှန်အားဖြင့် ယခုကာလသည် မိုးလယ်ကာလဖြစ်ပြီး လာမည့်လ ဝါဆို၊ ဝါခေါင်လများတွင် မိုးအားဆက်လက်ကောင်းနေမည် ဖြစ်သည်။ ၁၂ လရာသီ မိုးရာသီကာလ၌ လာနီညာဖြစ်စဉ်နှင့် ကြုံတွေ့ရသောအခါ နိုင်ငံအနှံ့တွင် မိုးအလွန်များနေသည့်အချက်ကို အားလုံးသတိပြုပြီး ကြိုတင် ပြင်ဆင် ဆောင်ရွက်သင့်သည်များကို ဆောင်ရွက်ကြရန်လိုအပ်ပါသည်။
လက်ရှိကာလတွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း တစ်ကြိမ်ဖြစ်ပေါ်နိုင်ကြောင်း အသိပေးထားသည်။ မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်မေလမှစတင်၍ ယနေ့အချိန်အထိ နိုင်ငံအနှံ့တွင် မိုးရွာသွန်းလျက်ရှိသည်။ ယခုလာမည့် ရက်သတ္တပတ်အတွင်း၌လည်း မြန်မာနိုင်ငံအနှံ့တွင် မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသမှ အသိပေးထားသည်။ ယခင်ကာလ မိုးအားကောင်းမှုနှင့် ယခုကာလ နိုင်ငံအနှံ့တွင် မိုးထစ်ချုန်းရွာသွန်းနိုင်သောကြောင့် မြန်မာပြည်အတွင်းရှိ မြစ်ချောင်းများတွင် မြစ်ရေ၊ ချောင်းရေများ မြင့်တက်လာနိုင်ကြောင်း သတိပေးထားသည်။ မြစ်ရေအခြေအနေမှာ စိုးရိမ်ရေမှတ်သို့ မရောက်သေးသော်လည်း မူလအခြေအနေထက် ပိုမိုမြင့်တက်လာသည်။
ယခုကြုံတွေ့နေရသော မိုးထစ်ချုန်းရွာသွန်းမှုအခြေအနေ၊ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်လာနိုင်သည့်အခြေအနေ၊ လာနီညာ ဆက်လက်ဖြစ်တည်နေသည့် အခြေအနေများကြောင့် လေပြင်းမုန်တိုင်းနှင့် ရေကြီးရေလျှံဖြစ်ပေါ်လာနိုင်မှုကို ကြိုတင်ပြင်ဆင်ထားကြရမည်ဖြစ်သည်။ ပြည်သူများအနေဖြင့် လေပြင်းမုန်တိုင်းနှင့်ပတ်သက်၍ မိုးလေဝသအသိပေးချက်များကို သိရှိထားရန်လိုပြီး အဝါရောင်အဆင့်သည် ဘင်္ဂလားပင်လယ်အော်၊ ကပ္ပလီ ပင်လယ်အော်တွင် မုန်တိုင်းဖြစ်ပေါ်နေပြီး လိမ္မော်ရောင်အဆင့်သည် ကမ်းရိုးတန်းသို့ ဦးတည်နေပြီး မုန်တိုင်းသည် မိမိနေထိုင်ရာဒေသသို့ ဦးတည်ရွေ့လျားသည်ဟု သတင်းရရှိပါက မုန်တိုင်းပြောင်းလဲမှုကို အထူးသတိထားစောင့်ကြည့်ရန်လိုအပ်သည်။
အနီရောင်အဆင့်သည် ကမ်းရိုးတန်းသို့ နောက် ၁၂ နာရီနောက်ပိုင်း မုန်တိုင်းရောက်ရှိလာမည်ဖြစ်၍ လုံခြုံစိတ်ချရသောနေရာသို့ ပြောင်းရွှေ့နေရာယူရန်ဖြစ်သည်။ အညိုရောင်အဆင့်သည် မုန်တိုင်းအန္တရာယ် ကျရောက်နေချိန်ဖြစ်ပြီး လုံခြုံစိတ်ချရသောနေရာတွင် ရှိနေရန်လိုအပ်သည်။ အစိမ်းရောင်အဆင့်သည် မုန်တိုင်းအားပျော့ပျက်ပြယ်သွားပြီဖြစ်၍ မိမိတို့နေအိမ်များသို့ ပြန်လာနိုင်ကြောင်း သတ်မှတ်ထားသည်။ မုန်တိုင်းသာမက မိုးအားအလွန်ကောင်းပြီး မြစ်ချောင်းများ တွင် ရေကြီးရေလျှံဖြစ်ပေါ်လာခြင်း၊ မုန်တိုင်းဒီရေတက်ခြင်းများနှင့် ကြုံတွေ့ရပါက မြစ်ချောင်းကမ်းပါးနှင့် ပင်လယ်ကမ်းရိုးတန်းများတွင် နေထိုင်ကြသောပြည်သူများသည် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားကြရန်လိုအပ်သည်။ ယခုအခါ မိုးရွာသွန်းမှု အလွန်အားကောင်းပြီး နေ့စဉ်ရက်ဆက် မိုးရွာသွန်းနေသောကြောင့် တောင်ကုန်းတောင်စောင်း၊ တောင်ခြေတွင် နေထိုင်ကြသော ပြည်သူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကို အထူးသတိထားကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ ယခုအခါ လာနီညာအခြေအနေသည် ဆက်လက်ဖြစ်ပေါ်နေပြီး အကျိုးဆက်အနေဖြင့် မိုးသည်းထန်စွာထစ်ချုန်းရွာသွန်းမှု၊ မုန်တိုင်းဖြစ်ပေါ်မှုများ ရှိလာနိုင်သဖြင့် ဖြစ်ပေါ်လာနိုင်သော သဘာဝဘေးအန္တရာယ်အမျိုးမျိုးတို့ကို တာဝန်ရှိသူများနှင့်အတူ ပြည်သူများပူးပေါင်းလက်တွဲ၍ ကြိုတင်ကာကွယ် ပြင်ဆင်ဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။