နေပြည်တော် ဇွန် ၂၂
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိဘဲ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသော PDF အဖွဲ့ဝင်များအား ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ ထပ်မံလွှဲပြောင်းပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်ခန်းမ၌ပြုလုပ်ရာ ကလေးတပ်နယ်မှ တာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တာဝန်ရှိသူများက နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေဆိုင်ရာပုဒ်မများကို ရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့် ကလေးမြို့မှ PDF အဖွဲ့ဝင်အမျိုးသမီး ၄ ဦးကိုထောက်ပံ့ပစ္စည်းများ ပေးအပ်ပြီး ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပေးကြသည်။
PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့အနေဖြင့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝသို့ပြန်လည်ဝင်ရောက်မည် ဆိုပါကကြိုဆိုလက်ခံသွားမည် ဖြစ်ကြောင်း နိုင်ငံတော်အစိုးရက ထုတ်ပြန်ထားရှိရာ PDF အဖွဲ့ဝင်များအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လျက်ရှိကြရာ ယနေ့အထိ ရန်ကုန်တိုင်းဒေသကြီး အတွင်းမှ ၅ ဦး၊ မန္တလေးတိုင်းဒေသကြီးအတွင်းမှ ၂၄ ဦး၊ မကွေးတိုင်းဒေသကြီး အတွင်းမှ ၁၃ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ ၁၁ ဦး၊ ဧရာဝတီတိုင်းဒေသကြီး အတွင်းမှ ၁၁ ဦး၊ ပဲခူးတိုင်းဒေသကြီးအတွင်းမှ ၆ ဦး၊ စုစုပေါင်း ၇၀ ဦး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြောင်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။