Skip to main content

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှု အခြေအနေများနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော် ဇွန် ၂၂

ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေများ နှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။

အဆိုပါ အစည်းအဝေးသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနရှိ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနနှင့် လုပ်ငန်းတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်ဖွံဖြိုးတိုးတက်ရန်အတွက် လျှပ်စစ်ဓာတ်အား ရရှိမှုသည် အဓိကကျသည့်အတွက် ပြည်သူလူထုလိုအပ်လျှက်ရှိသော လျှပ်စစ်ဓာတ်အား ပြည့်ဝစွာထုတ်လုပ်ပေးနိုင်ရန်အတွက် ဝန်ကြီးဌာနအနေဖြင့် လျှပ်စစ်ဓာတ်အားရရှိနိုင်မည့် ရေအားမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အပါအဝင် နည်းလမ်းမျိုးစုံဖြင့် ဓာတ်အားထုတ်လုပ်မှု (Generation)ကို တိုးမြှင့်ထုတ်လုပ်ရန် ဆောင်ရွက်လျှက် ရှိပါကြောင်း၊ ထို့အပြင် ဓာတ်အားပို့လွှတ်ခြင်း (Transmission) အပိုင်းတွင်လည်း ဝန်အားပြည့်နေသည့် ဓာတ်အားလိုင်းများကို  ပိုမိုပြည့်ဝစွာသယ်ဆောင်နိုင်ရန် တိုးချဲ့တည်ဆောက်ခြင်း၊ ထို့အတူ ဓာတ်အားဖြန့်ဖြူးခြင်း (Distribution) အပိုင်းများကိုလည်း တိုးချဲ့ပြုပြင်တည်ဆောက်ခြင်းတို့ကို ဟန်ချက်ညီစွာ တိုးချဲ့ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဓာတ်အားပြတ်တောက်မှု လျော့နည်းကျဆင်းစေရေး၊ လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှု လျော့နည်းစေရေးနှင့် ဓာတ်အားစနစ် တည်ငြိမ်တိုးတက် ကောင်းမွန်စေရေးတို့ကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိသော ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ စီမံကိန်းလုပ်ငန်းများကိုလည်း  အချိန်မီပြီးစီးရေးနှင့် ဓာတ်အားခ ကြွေးကျန်များရာနှုန်းပြည့် အပြည့်အဝကောက်ခံရရှိရေးလုံခြုံရေးကို ဝိုင်းဝန်းကူညီပံ့ပိုး ပေးစေလိုပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း ရန်ကုန်မြို့ကြီး လှပသာယာပြီး လျှပ်စစ်ဓာတ်အား ပြည့်ပြည့်ဝဝရရှိရေး ဆောင်ရွက်လျှက်ရှိသဖြင့် တိုင်းဒေသကြီးအစိုးရ အနေဖြင့်လည်း ဝိုင်းဝန်းပံ့ပိုး ဖြည်းဆည်း ဆောင်ရွက်ပေးပါရန်တို့ကို ပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက လိုအပ်သည်များကို ဝိုင်းဝန်းကူညီ ပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့်တိုင်းဒေသကြီး အစိုးရအနေဖြင့်လည်း လိုအပ်သည့် ရန်ပုံငွေပိုင်းဆိုင်ရာများကို ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားသည်။

ယင်းနောက် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းဥက္ကဋ္ဌက ရန်ကုန်တိုင်း ဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှုနှင့်  လျှပ်စစ်ဓာတ်အားခများ ကောက်ခံရရှိမှုများကိုလည်းကောင်း၊  လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိသည့် မဟာဓာတ်အားလိုင်းနှင့် ပင်မဓာတ်အားခွဲရုံစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက် နေမှုကိုလည်းကောင်း ရှင်းလင်းတင်ပြကြပြီး ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာနှင့် သယံဇာတရေးရာဝန်ကြီးနှင့် စည်ပင်သာယာရေးဝန်ကြီးတို့က ဖြည်စွက်ဆွေးနွေး တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်