နေပြည်တော် ဇွန် ၂၂
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်စိုး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၈ နာရီတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိရာ Terminal-1 ရှိ Mingalar Sky CIP ဧည့်ခန်းမ၌ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတို့မှ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းတာဝန်ခံများအား တွေ့ဆုံသည်။
တွေ့ဆုံစဉ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ဒုတိယဌာနခွဲ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တာဝန်ခံက နိုင်ငံတကာလေကြောင်းလိုင်းများ ဝင်/ထွက်သွားလာမှု၊ ပြည်ပနိုင်ငံအသီးသီးမှ ခရီးသည်များဝင်ရောက်ထွက်ခွာမှု၊ ပြည်ပခရီးသည်များအား လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကိုလည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတာဝန်ခံက သီလဝါ၊ ရန်ကုန်နှင့် သန်လျင်ဆိပ်ကမ်းများ၌ နိုင်ငံတကာသင်္ဘောများ ဝင်/ထွက်မှုကိုလည်ကောင်း ရှင်းလင်းတင်ပြကြရာ အမြဲတမ်းအတွင်းဝန်က ဖြည့်စွက်ရှင်းလင်းသည်။
ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့်ဆိပ်ကမ်းများတွင် တာဝန်ထမ်းဆောင်နေကြသည့် ပြည်တွင်း/ပြည်ပ ခရီးသွားများနှင့် ထိတွေ့ဆက်ဆံဆောင်ရွက်ရသူများဖြစ်သည့်နှင့်အညီ ဆက်ဆံရေးပြေပြစ်ကောင်းမွန်ရန်နှင့် ဘာသာစကား တတ်ကျွမ်းကြရန်လိုကြောင်း၊ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြရသော်လည်း နိုင်ငံတကာဥပဒေများကိုလည်း သိရှိနားလည်ထားရန် လိုကြောင်း၊ နိုင်ငံခြားသားထိန်းသိမ်းရေးဆိုင်ရာ စီမံခန့်ခွဲမှုအဆင့် မြှင့်တင်ခြင်းလုပ်ငန်းများကို ကြိုပမ်းဖော်ဆောင်လျက်ရှိရာ ဝန်ထမ်းများအနေဖြင့် နည်းပညာများ တတ်ကျွမ်းကြရန်လိုကြောင်း။
ဝန်ကြီးဌာနအနေဖြင့် Online စနစ် eVisa လုပ်ငန်းနှင့် eVisa (ကမ္ဘာလှည့်)တို့ ခွင့်ပြုဆောင်ရွက်ပေးလျှက်ရှိရာ ခရီးသည်များ ဝင်/ထွက် သွားလာမှုများပြားလာပြီး လေဆိပ်/ ဆိပ်ကမ်းနှင့် နယ်စပ်ဝင်ထွက်ပေါက်များ၌ လူဝင်မှုစစ်ဆေးရေးလုပ်ငန်းများ ထိရောက်လျှင်မြန်စွာ ဆောင်ရွက်ပေးကြရမည် ဖြစ်ကြောင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် Terminal-1 ပြည်ပ ဆိုက်ရောက်၌ ပြည်ပလေကြောင်းလိုင်းဖြင့် ဝင်ရောက်လာကြသည့် ခရီးသည်များအားလူဝင်မှုကြီးကြပ်ရေး ကောင်တာများ၌ လူဝင်မှုစစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ကိုဗစ်-၁၉ ကျန်းမာရေး စစ်ဆေးမှုဆိုင်ရာ လုပ်ငန်းအဆင့်ဆင့်ဆောင်ရွက်နေမှုနှင့် လူဝင်မှုကြီးကြပ်ရေး ကောင်တာများ၌ လူဝင်မှုစစ်ဆေးရေးလုပ်ငန်းများဆောင်ရွက်နေမှု၊ ပြည်ပနိုင်ငံများသို့ ထွက်ခွာမည့် ခရီးသည်များအား လူဝင်မှုကြီးကြပ်ရေးကောင်တာများ၌ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ စစ်ဆေးဆောင်ရွက်နေမှု၊ Over Stay Counter နှင့် ဌာန၏ Server ခန်းအတွင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအားလိုအပ်သည်များ မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပြည်ပထွက်ခွာ ခရီးသည်များအား လူဝင်မှုစစ်ဆေးရေး လုပ်ငန်းများနှင့်ပတ်သက်၍ဆောင်ရွက်ရသည့်လုပ်ငန်းအခြေအနေများကို ရင်းနှီးပွင့်လင်းစွာ မေးမြန်းနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်