နေပြည်တော် ဇွန် ၂၂
စီမံကိန်းရေးဆွဲခြင်းနှင့် ဘဏ္ဍာငွေအသုံးစရိတ် လျာထားခြင်းဆိုင်ရာ ဝန်ထမ်းစွမ်းဆောင် ရည်မြှင့်တင်မှုသင်တန်းကို ယနေ့နံနက်ပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနရှိ စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါအခမ်းအနားသို့ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ သင်တန်းနည်းပြများ၊ သင်တန်းသား/သူများ ဖြစ်ကြသည့် ရုံးချုပ်မှ ညွှန်ကြားရေးမှူးများ၊ ယွန်းပညာကောလိပ်မှ ကျောင်းအုပ်ကြီး၊ တိုင်းဒေသကြီး/ ပြည်နယ် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနများမှ ညွှန်ကြားရေးမှူးများ၊ အရာထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အဖွဲ့အစည်းတစ်ခု၊ လုပ်ငန်းတစ်ခု ဖွံ့ဖြိုးတိုးတက်ရန်မှာလည်း စီမံကိန်းရေးဆွဲခြင်း အခန်းကဏ္ဍမှာ အဓိကအနေဖြင့် ပါဝင်နေပြီး စီမံကိန်းတစ်ခု ရေးဆွဲရာတွင် နိုင်ငံတော်နှင့်ဝန်ကြီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ မူဝါဒ၊ လုပ်ငန်းစဉ်များ၊ ဌာနက ချမှတ်ထားသည့် စံနှုန်းများနှင့်ကိုက်ညီအောင် ရေးဆွဲရမည်ဖြစ်ကြောင်း၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု(OVOP) ပေါ်ထွက်လာစေရေး၊ ခေတ်မီစံပြကျေးရွာများ ထူထောင်ရာ၌ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ရေးစသည့် အချက်များကို ဦးစီးဌာန၏မူဝါဒအဖြစ် ချမှတ်ထားသည့်အတွက် အဆိုပါမူဝါဒကို အကောင်အထည်ဖော်ဆောင်ရွက်ရန် စီမံကိန်းများ ပြင်ဆင်ရေးဆွဲ ရန် လိုအပ်ပါကြောင်း၊ ထိုသို့ ရေးဆွဲရာတွင်လည်း သတ်မှတ်ချက်များနှင့် ကိုက်ညီပြီး တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် ဦးတည်ဆောင်ရွက်နေသည့် မိမိတို့အစိုးရအနေဖြင့် နိုင်ငံတော်၏ Trade Volume ကြီးမားလာစေရန် ကြိုးပမ်းနေတာဖြစ်သည့်အတွက် ကုန်ထုတ်လုပ်မှုကိုလည်း Volume ကြီးကြီးဖြင့် လုပ်ကိုင်နိုင်မည့် စီမံကိန်းများ ချမှတ်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ဝန်ကြီးဌာနမှ ရည်မှန်းချက်၊ မျှော်မှန်းချက်၊ လုပ်ငန်းတာဝန်များအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တိုင်းဒေသကြီး/ပြည်နယ်ရုံးများမှာလည်း တာဝန်ရှိသောကြောင့် အဆင့်ဆင့်တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် လုပ်ငန်းများ အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်း ပြောကြားသည်။
သင်တန်းတွင် စီမံကိန်းရေးဆွဲခြင်းနှင့် ဘဏ္ဍာရေးအသုံးစရိတ် လျာထားရေးဆွဲခြင်း၊ ခေါင်းဆောင်များနှင့် အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေး ဆက်သွယ်ရေးနည်းပညာ၊ ပဋိပက္ခများ စီမံခန့်ခွဲခြင်း၊ ထိရောက်သော အစည်းအဝေးပြုလုပ်ခြင်း၊ အများနှင့်ပူးပေါင်း လုပ်ဆောင်မှုနှင့် စီမံချက်လည်ပတ်မှုဆိုင်ရာစီမံခန့်ခွဲမှု ဘာသာရပ်တို့ကို စာတွေ့ပို့ချခြင်း၊ အပြန်အလှန် ဆွေးနွေးခြင်းနှင့် လက်တွေရေးဆွဲခြင်းနည်းစနစ်များဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ပါကြောင်းနှင့် သင်တန်းကာလမှာ (၄) ရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်