Skip to main content

၁၆-၆-၂၀၂၂ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများပြုလုပ်သည့် (၁၆)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှတ်တမ်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၆)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ၂၀၂၂ ခုနှစ်၊ ဇွန် ၁၆ ရက် မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားကြသည်။

(ယမန်နေ့မှအဆက်)

နိုင်ငံတည်ငြိမ်ရေး အစွမ်းကုန်ကြိုးပမ်း

သူရိယနေဝန်းသတင်းထောက် ဒေါ်သဇင်ဦးက PDF အဖွဲ့များကို အလင်းဝင်ရန် ပြန်လည်ဖိတ်ခေါ်ခြင်းနှင့်ပတ်သက်ပြီး မေးမြန်းလိုကြောင်း၊ အကြမ်းဖက်အဖြစ် ကြေညာထားခြင်းခံထားရသည့် CRPH၊ NUG တို့ ကြိုးကိုင်ခြယ်လှယ်ခြင်း ခံနေရသည့် PDF များကို လက်နက်အပ်နှံပြီး ပြည်သူ့ဘဝထဲသို့ ပြန်လည်ဝင်ရောက်ကြရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်ကို တွေ့မြင်ရကြောင်း၊ နိုင်ငံရေးသမားအမည်ခံပြီး တိုင်းပြည်ဖျက်ဆီးရေးကို တစိုက်မတ်မတ် လုပ်ဆောင်နေကြသည့်သူများ၏ အသုံးချခံဖြစ်နေသည့် လူငယ်များကို ပြည်သူ့ဘဝထဲ ဝင်ရောက်ကြရန် ကြိုဆိုပေးသည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များအားလုံးကိုလည်း မိမိတို့သူရိယနေဝန်းမီဒီယာမှ အထူးပင် ကျေးဇူးတင်ရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ယခုလို နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သော်လည်း တစ်ဖက်တွင် DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောစတီး ပြောသလို စစ်တိုက်စားနေသည့် လူတန်းစားတစ်စု ပေါ်ပေါက်လာပြီး စစ်တိုက်စားရသည့် အရသာကို ကောင်းကောင်းကြီး တွေ့နေကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်မလာနိုင်သေးသည့် ထိုအဖွဲ့တချို့သည် စစ်တိုက်စားရသည့် အရသာကိုတွေ့ပြီး လက်နက်ချအလင်းဝင်ရန် မဆိုထားနှင့် မိမိဒေသတွင် ယခုထက်ပိုပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ပြဋ္ဌာန်းခွင့်များ ပိုမိုရရှိနိုင်သည်ကို သိပါလျက်နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်မလာကြသေးကြောင်း၊ PDF အဖွဲ့အစည်းများကလည်း လက်နက်ကိုင်ပြီး အကြမ်းဖက်သည့် အရသာ၊ ဆက်ကြေးကောက်ရသည့် အရသာ၊ ဓားပြတိုက် ခြိမ်းခြောက်ရသည့် အရသာကို ကောင်းကောင်းကြီး တွေ့နေကြပြီး ဖြစ်ကြောင်း၊ RCSS ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်ပြောသလို PDF များက ကြာလာလျှင် ဓားပြဂိုဏ်းများ ဖြစ်လာနိုင်သည့်အတွက် ခေတ်သစ်(ဗကပ)ဖြစ်သည့် PDF နှင့် အခြားအမည်ခံ အဖွဲ့အမျိုးမျိုးကို လက်နက်အပ်နှံပြီး ပြည်သူ့ဘဝ ပြန်လည်ဝင်ရောက်ရန် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အချိန်အတိုင်းအတာ ကန့်သတ်ချက်များ ရှိပါသလား၊ အချိန်အတိုင်းအတာ ကျော်လွန်သွားသည့် အချိန်ဖြစ်ပါက မည်သို့နှိမ်နင်းမှုမျိုး ပြုလုပ်မည်ဆိုသည်ကို သိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက EAO များနှင့် PDF အဖွဲ့များ၏ ကွာခြားချက်ကိုလည်း မိမိတို့ပြောပြီးဖြစ်ကြောင်း၊ တချို့ EAO အဖွဲ့များသည် နှစ်ပေါင်းများစွာက ပေါ်ပေါက်ခဲ့သည့် အဖွဲ့ရှိသလို တချို့ EAO အဖွဲ့များအနေဖြင့် ၂၀၁၇ ခုနှစ်မှ ပေါ်ပေါက်လာသည့် အဖွဲ့များရှိကြောင်း၊ တော်တော်များများက ၎င်းတို့၏ တိုင်းရင်းသား လူမျိုးများအရေး၊ ၎င်းတို့ဒေသအရေးကို တောင်းဆိုရင်း EAO ဖြစ်လာသည့် အဖွဲ့များလည်းရှိကြောင်း၊ အခြားအကြောင်းအမျိုးမျိုးကြောင့် ဖြစ်လာသည့် EAO များလည်းရှိကြောင်း၊ EAO အဖွဲ့များ၏ လက်နက်ကိုင် ဆောင်ရွက်နေခြင်းသည် ထိုအရေးအတွက် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ PDF အဖွဲ့များ၏ လက်နက်ကိုင် ဆောင်ရွက်နေခြင်းသည် ၎င်းတို့နှင့် တခြားစီဖြစ်နေကြောင်း၊ မိမိတို့ပြောခဲ့သည့် မဲမသမာမှုကြောင့် ဖြစ်သည့်အတွက် မဲမသမာမှုများ ရှင်းလင်းပေးရန် အကြိမ်ကြိမ် အချိန်များစွာ တောင်းဆိုခဲ့ကြောင်း၊ လူသိရှင်ကြား ပြောခဲ့ကြောင်း၊ ယင်းကိစ္စများကို လုပ်ဆောင်ခြင်းမရှိဘဲ ထွက်ပြေးတိမ်းရှောင်သွားသည့် လူများက လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ EAO များက ရည်မှန်းတိုက်ခိုက်ခြင်းသည် အစိုးရကို တိုက်ခိုက်ခြင်းဖြစ်ပြီး ၎င်းတို့၏ ဒေသအကျိုးနှင့်ပတ်သက်ပြီး အစိုးရကို တောင်းဆိုရာတွင် မရသည့်အတွက် အစိုးရကို တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ PDF များ၏ လှုပ်ရှားမှုသည် EAO များနှင့်မတူဘဲ အစိုးရကို တိုက်ခိုက်ခြင်းထက် ပြည်သူလူထုကို တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ မှန်/ မမှန် သေချာစဉ်းစားစေလိုကြောင်း၊ EAO များက စာသင်နေသည့် ကလေးများကို ဝင်ပြီးပစ်သွားသည့် ဖြစ်စဉ်မျိုး ရှိပါသလား၊ EAO များသည် အစိုးရတပ်များ၊ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့များ၊ တချို့လုံခြုံရေးတပ်ဖွဲ့များကို တိုက်ခိုက်ကြောင်း၊ မည်သည့်အတွက်ကြောင့် တိုက်ခိုက်သလဲဆိုလျှင် ၎င်းတို့၏ဒေသနှင့် လူမျိုးစု၏ အကျိုးကို တောင်းဆို၍မရသည့်အတွက် အစိုးရကို တိုက်ခိုက်ခြင်းဖြစ်ကြောင်း။

PDF အများစုလုပ်ဆောင်နေခြင်းသည် ပြည်သူလူထုကို ဒလန်ဟုစွပ်စွဲပြီး သတ်ဖြတ်ခြင်းဖြစ်ကြောင်း၊ သတ်ဖြတ်ခြင်းခံရသည့် လူသည် ဒလန် ဟုတ်/ မဟုတ် မသိဘဲ မကျေနပ်သည့်အတွက် သတ်ကြောင်း၊ NLD ပါတီအဖွဲ့ဝင်အချင်းချင်းသာမက ယခင်က ၎င်းတို့ကို အားပေးနေသည့် အချင်းချင်းကိုပင် သတ်ဖြတ်ကြကြောင်း၊ ထို့ပြင် ဘုန်းကြီးများကိုလည်း သတ်ဖြတ်ကြကြောင်း၊ မည်သည့် EAO အဖွဲ့ကမှ ဘုန်းကြီးများနှင့် ပတ်သက်ပြီး သတ်ဖြတ်ခြင်းရှိပါသလား၊ တော်တော်ရှားပါးသည့် ဖြစ်စဉ်ဖြစ်ကြောင်း၊ စာသင်ကျောင်းများကို တိုက်ခိုက်ကြောင်း၊ ယခင် ကိုဗစ်ကာလဖြစ်ချိန်တွင် ဆေးရုံများကို တိုက်ခိုက်ကြောင်း၊ မည်သည့် EAO အဖွဲ့မှ ထိုသို့မလုပ်ကြောင်း၊ PDF များက ပြည်သူလူထုပိုင်သည့် အဆောက်အဦများနှင့် ပြည်သူလူထုကို တိုက်ခိုက်ခြင်း ဖြစ်ကြောင်း၊ စာသင်ကျောင်းများ၊ ဆရာ ဆရာမများကို တိုက်ခိုက်ပြီး သတ်ဖြတ်ကြောင်း၊ PDF အဖွဲ့များထဲတွင် ရောက်နေသည့်လူများကို သိစေလိုကြောင်း၊ ၎င်းတို့ကို ကြိုးကိုင်ပြီး လုပ်ဆောင်ခြင်းသည် ၎င်းတို့ လုပ်ရပ်မှန်/ မမှန် သိစေလိုကြောင်း၊ PDF ၊ NUG ၊ CRPH အမည်ခံ အဖွဲ့များနှင့် ဆွေးနွေးခြင်းမဟုတ်ကြောင်း၊ ထိုအထဲတွင် လမ်းမှားရောက်နေသည့် သူများ၊ မသိလိုက် မသိဘာသာ ကျူးလွန်နေသူများကို မိမိတို့ ဖိတ်ခေါ်ခြင်းဖြစ်ကြောင်း၊ EAO အဖွဲ့များနှင့် မတူကြောင်း၊ EAO အဖွဲ့များကို ဖိတ်ခေါ်ခြင်းသည် ဥက္ကဋ္ဌကိုယ်တိုင်၊ EAO အဖွဲ့အစည်းတစ်ရပ်လုံးကို ဖိတ်ခေါ်ခြင်းဖြစ်ကြောင်း၊ PDF အဖွဲ့များနှင့် EAO အဖွဲ့များက ဖြစ်တည်မှုချင်း၊ ရပ်တည်မှုချင်း မတူကြောင်း၊ သေချာပြန်စဉ်းစားကြည့်လျှင် မည်သူတို့ကို တိုက်ခိုက်နေသည်ကို တွေ့မြင်နိုင်မည်ဖြစ်ကြောင်း၊ PDF အဖွဲ့များသည် ပြည်သူလူထုကို တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ၎င်းတို့အထဲတွင် လမ်းမှားရောက်နေသည့် သူများကိုသာ ဖိတ်ခေါ်ခြင်းဖြစ်ကြောင်း။

တတ်နိုင်သမျှ လက်ခံသွားမည်ဖြစ်

ယနေ့ဆိုလျှင် ၃၈ ဦး ဝင်ရောက်လာကြောင်း၊ ကျန်သည့်သူများ၊ PDF ထဲရောက်နေသည့် လမ်းမှားရောက်နေသည့်သူများလည်း ဝင်ရောက်လာရန် ဆက်သွယ်နေခြင်းများလည်း ရှိကြောင်း၊ တစ်ဆက်တည်း သတိပေးလိုသည်မှာ ၎င်းအဖွဲ့များကို အားပေးအားမြှောက် လုပ်နေသည့် တချို့သော EAO အဖွဲ့အစည်းများရှိကြောင်း၊ ယင်း EAO အဖွဲ့အစည်းများထဲ၌ ထိုအဖွဲ့အစည်းများနှင့် ပတ်သက်ပြီး သဘောထားကွဲလွဲမှုများရှိကြောင်း၊ ထို့ကြောင့် ယခင်ကတည်းက တည်ရှိခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် PDF အဖွဲ့အစည်းများ ရပ်တည်ချက် လုပ်ဆောင်မှုချင်း မတူညီကြောင်း၊ နိုင်ငံပေါ်တွင်ဖြစ်စေ၊ မိမိတို့၏ ဒေသပေါ်တွင်ဖြစ်စေ ထားရှိသည့် ခံယူချက်ချင်းလည်း မတူကြောင်း၊ ယင်းမတူညီမှုများကို အားပေးအားမြှောက်ပြုခြင်းသည် ထို EAO အဖွဲ့များထဲတွင်၊ ၎င်းတို့ကြားထဲတွင် ကူးစက်လာနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့ လက်ခံသွားမည်မှာ PDF အမည်ခံ အဖွဲ့များ၊ လမ်းမှားရောက်နေသည့် အဖွဲ့များကိုလည်း သားသမီးချင်း ကိုယ်ချင်းစာနာကြောင်း၊ တောင်းဆိုမှုများ ရှိသည့်အတွက် တတ်နိုင်သမျှ ဝင်ရောက်လာနိုင်သည့်အချိန်ထိ လက်ခံသွားမည်ဖြစ်ကြောင်း၊ တချို့သော သတင်းများလည်း ကြားသိနေရကြောင်း၊ အလင်းဝင်ချင်သော်လည်း ခြိမ်းခြောက်မှုများ ခံရကြောင်း၊ ထွက်မလာနိုင်ဘူးဆိုသည့် သတင်းများလည်း ကြားနေရကြောင်း၊ နိုင်ငံတော်အစိုးရအနေနှင့် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းများကလည်း တတ်နိုင်သမျှ အတတ်နိုင်ဆုံး အလျှို့ဝှက်ဆုံး၊ လုံခြုံမှုအရှိဆုံးဖြစ်ရန် အစွမ်းကုန်ကူညီ ဆောင်ရွက်ပေးသွားမည်ဟု မိမိပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။

နေပြည်တော်အွန်လိုင်း သတင်းအေဂျင်စီမှ ဦးဝင်းနိုင်က လောင်စာဆီဈေးနှုန်း မြင့်တက်မှုကြောင့် လက်ရှိကားခဈေးနှုန်းများ အဆမတန် မြင့်တက်နေပြီး ခရီးသွား အခြေခံလူတန်းစား မိဘပြည်သူများ ခရီးစရိတ်သက်သာသော မြန်မာ့မီးရထားကို အားကိုးအားထားပြုပြီး သွားလာနေခြင်းကို တွေ့မြင်ရကြောင်း၊ မြန်မာ့မီးရထား ပြေးဆွဲနေမှုများကလည်း ယခင်က ရန်ကုန်-မန္တလေးအမြန်ရထား သုံးစင်း အစုန်/အဆန် ပြေးဆွဲနေရာက ယခုအချိန် အမြန်ရထားတစ်စင်းသာ အစုန်/အဆန် ပြေးဆွဲနေခြင်းသာရှိပြီး တချို့နေရာများ၌ နေ့စဉ်ပြေးဆွဲနေမှုများမရှိဘဲ ယာယီဖျက်သိမ်းထားခြင်းကြောင့် ခရီးသွားမိဘပြည်သူများအနေဖြင့် ခရီးအဆင်မပြေမှုများရှိသည်ကို ကြားသိခဲ့ရကြောင်း၊ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေနှင့် မြန်မာ့မီးရထား ခရီးသွား အခြေခံလူတန်းစား မိဘပြည်သူများ ခရီးသွားလာမှု အဆင်ပြေချောမွေ့စေရန် မည်သို့ စီစဉ်ဆောင်ရွက်ထားသည်ကို သိလိုကြောင်း မေးမြန်းသည်။

လမ်းပန်းဆက်သွယ်ရေး အဓိကလုပ်ဆောင်

ဗိုလ်ချုပ် ဇော်မင်းထွန်းက တချို့ရထားလမ်းပိုင်းများ မပြေးဆွဲနိုင်သေးသည်မှာလည်း ယခုအချိန်ထိ ရှိနေသေးကြောင်း၊ မိုင်းထောင်၊ မိုင်းခွဲ တိုက်ခိုက်ခံရခြင်းကြောင့် လုံခြုံရေးအရ ပြေးဆွဲနိုင်ခြင်း မရှိသေးကြောင်း၊ ယခုလောလောဆယ်အချိန်တွင် မိမိတို့က လမ်းပိုင်းအသီးသီး၌ ခရီးဝေးရထား ၂၈ စင်း ပြေးဆွဲနေခြင်းဖြစ်ကြောင်း၊ ရန်ကုန်မြို့ပတ် ၂၂ စင်း စုစုပေါင်း ၅၀ ပြေးဆွဲလျက်ရှိကြောင်း၊ ရန်ကုန်-မန္တလေး လမ်းပိုင်းတွင် ယခုလက်ရှိရထား ခြောက်စင်း ပြေးဆွဲပေးလျက်ရှိကြောင်း၊ ခရီးသွားများ အခက်အခဲများရှိခြင်းကို သိရှိထားကြောင်း၊ ပို့ဆောင်ရေးဝန်ကြီးဌာနအနေဖြင့် မကြာမီ လပိုင်းခန့်တွင် အစုန်/အဆန်ရထား နှစ်စင်း ထပ်မံပြေးဆွဲရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ရန်ကုန်-မော်လမြိုင်လမ်းပိုင်းတွင် ယခု နှစ်စင်း ပြေးဆွဲလျက်ရှိကြောင်း၊ ထပ်မံ၍ ထပ်တိုးနှစ်စင်း ပြေးဆွဲရန် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ရန်ကုန်-ပြည်လမ်းတွင် ခြောက်စင်း ပြေးဆွဲလျက်ရှိပြီး ထပ်မံပြီး နှစ်စင်း ပြေးဆွဲနိုင်ရန် စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရန်ကုန်က လူဦးရေထူထပ်သောကြောင့် လက်ရှိ မြို့ပတ် ၂၂ စင်းပြေး ဆွဲလျက်ရှိကြောင်း၊ နောက်ထပ် လေးစင်း ထပ်မံပြေးဆွဲရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ကုန်ရထားများက ရန်ကုန်-မန္တလေး လမ်းပိုင်းတွင် တစ်ရက်ကို လေးစင်း၊ အခြေခံလူသုံးကုန်၊ စားသောက်ကုန်တင်သည့် ရထားများက နှစ်စင်း၊ ကွန်တိန်နာအထူးရထား လေးစင်း ပြေးဆွဲလျက်ရှိကြောင်း၊ ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်းတွင် ကျောက်ရထား နှစ်စင်း၊ စုစုပေါင်း ရှစ်စင်း ပြေးဆွဲလျက်ရှိကြောင်း၊ ထိုကိစ္စများနှင့်ပတ်သက်ပြီး ပြည်သူလူထုကို မိမိအသိပေး ပြောကြားလိုသည်မှာ ပို့ဆောင်ရေးဝန်ကြီးဌာနအနေဖြင့် ရထားလမ်းများ၊ ရထားတွဲများ အဆင့်မြှင့်တင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်အနေနှင့်လည်း ရထားလမ်းပိုင်းများ မြှင့်တင်ရေး၊ ရထားလမ်းပိုင်းများ ပြေးဆွဲနိုင်ရေးနှင့် ပတ်သက်ပြီး မကြာခဏ စစ်ဆေးဆောင်ရွက်လျက်ရှိပြီး အထူးစိတ်ပါဝင်စားမှုရှိကြောင်း၊ ပြည်သူလူထု လိုအပ်ချက်များ ရှိလာလျှင် ပို့ဆောင်ရေးဝန်ကြီးဌာနနှင့်ပတ်သက်ပြီး ပြည်သူလူထု၏ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေး၊ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေးကိုလည်း အဓိကထား လုပ်ဆောင်လျက်ရှိကြောင်း၊ လိုအပ်ချက်များ ရှိလျှင်လည်း ယခုကဲ့သို့ အသိပေးစေလိုကြောင်း၊ မိမိတို့အနေဖြင့်လည်း သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် အမြန်ဆုံးဖြစ်အောင် ဆက်လက်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဟု ပြန်လည်ဖြေကြားသည်။

Weekly Eleven မီဒီယာမှ အယ်ဒီတာချုပ် ဒေါက်တာမင်းလွင်က မိမိမေးမည့် မေးခွန်းနှင့်ပတ်သက်ပြီး အချက်အလက်တချို့ ချပြရန် အချိန်မရှိသည့်အတွက် စာရွက်ပေးခဲ့မည်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်း၏ အဂတိလိုက်စားမှုနှင့်ပတ်သက်ပြီး အမှုများစွာရှိကြောင်း၊ ထိုအမှုများထဲတွင် YBS ကိစ္စဆိုလျှင် ၎င်းအောက်က ဝန်ကြီးများနှင့် ဝန်ထမ်းများ အရေးယူခံရကြောင်း၊ တာဝန်ရှိဆုံးဖြစ်သည့်၎င်းကို အရေးယူခံရသည်ကို မတွေ့ရ‌ကြောင်း၊ ယခင်က ဦးဖြိုးမင်းသိန်းကြောင့် နိုင်ငံတော်နစ်နာဆုံးရှုံးမှု ခန့်မှန်းတွက်ချက်မှုအရဆိုလျှင် ကျပ်ဘီလီယံ ထောင်ချီရှိနိုင်ကြောင်း၊ တခြားတိုင်းဒေသကြီး ဝန်ကြီးချုပ်များကြောင့် နိုင်ငံတော်ထိခိုက်နစ်နာမှုသည် ဘီလီယံတစ်ရာခန့်သာရှိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့အပေါ် စွဲဆိုထားမှုအရဆိုလျှင် အဂတိလိုက်စားမှုကြောင့် နိုင်ငံတော် နစ်နာဆုံးရှုံးမှုတန်ဖိုးသည် ကျပ်ငွေ လေးဘီလီယံကျော်ခန့်သာရှိကြောင်း၊ ထို့ကြောင့် NLD အစိုးရ လက်ထက်က အဖွဲ့ဝင်များထဲတွင် ဦးဖြိုးမင်းသိန်းကြောင့် နိုင်ငံတော် နစ်နာဆုံးရှုံးမှုတန်ဖိုးက အများဆုံးဖြစ်သည်ဟု ယူဆရကြောင်း၊ သို့သော် အရေးယူသည့်အခါ ၎င်းသည် ကွက်ကျန်နေခဲ့ပြီး ကျန်ရှိသည့်သူများကို အရေးယူသည်ကို Political Motivated ဖြစ်နေမလားဟု မေးခွန်းထုတ်လိုကြောင်း၊ ဦးဖြိုးမင်းသိန်းသည် ဝန်ကြီးချုပ်မဖြစ်ခင်က မောင်ထော်လေးလမ်းက တိုက်ခန်း၌နေကြောင်း၊ ၎င်း၏ အမျိုးသမီးသည် ရွှေဆိုင်ခပ်သေးသေးသာ ပိုင်ကြောင်း၊ ၎င်းဝန်ကြီးချုပ်ဖြစ်လာပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို ရွှေ ခုနစ်ပိဿာနှင့် ဒေါ်လာ ခြောက်သိန်းဖိုးခန့်အထိ ပေးနိုင်လောက်အောင် ချမ်းသာသွားခဲ့ကြောင်း၊ ၎င်း၏ ပိုင်ဆိုင်မှုများနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ရှိပါသလား သိလိုကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေဖြင့် ဦးဖြိုးမင်းသိန်းနှင့် ပတ်သက်သည့် အဂတိလိုက်စားမှု ဖြစ်နိုင်ခြေများအားလုံးကို အချိန်အကန့်အသတ်နှင့် စုံစမ်းစစ်ဆေးရန် အစီအစဉ် ရှိ/ မရှိ နှင့် စုံစမ်းစစ်ဆေးမှုလုပ်မည်ဆိုလျှင် ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးရန် အစီအစဉ် ရှိ/ မရှိ သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းထောက်ကြီးမေးသည့် ကိစ္စနှင့်ပတ်သက်၍ ယခင် သတင်းစာရှင်းလင်းပွဲတွင်လည်း မိမိအနေဖြင့် တစ်စွန်းတစ်စ ဖြေကြားခဲ့ပြီးဖြစ်ကြောင်း၊ တချို့သော အမှုကိစ္စများတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေနှင့် စစ်ဆေးမှုများလည်းရှိကြောင်း၊ စစ်ဆေးရာတွင် မူလကိစ္စကို စစ်ဆေးခြင်းနှင့် ဆက်စပ်မှုများကို စစ်ဆေးခြင်းလည်း ရှိကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေနှင့် တွေ့ရှိမှုများ၊ ရရှိချက်များတွင် မည်သည့်အကြောင်းအရာကိုမျှ ကွယ်ဝှက်ထားစရာ အကြောင်းလည်း မရှိပါကြောင်း၊ နိုင်ငံတော်အစိုးရအနေနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ တင်ပြချက်များ၊ တွေ့ရှိချက်များအပေါ်တွင် မူတည်၍ တရားမျှတစွာ ဆုံးဖြတ်သွားလိမ့်မည်ဟုသာ ပြောလိုကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ဖြည့်စွက်ဖြေကြားပေးစေလိုကြောင်း ပြန်လည်ဖြေကြားသည်။

ဥပဒေပြဋ္ဌာန်းချက်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် မြန်မာနိုင်ငံက ကုလသမဂ္ဂ အဂတိလိုက်စားမှုတိုက်ဖျက်ရေး Convention ကို ၂၀၀၅ ခုနှစ်တွင် လက်မှတ်ထိုး ဝင်ရောက်ခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ်တွင် အတည်ပြု လက်မှတ်ရေးထိုး ဝင်ရောက်ခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ်တွင် ကုလသမဂ္ဂ အဂတိလိုက်စားမှုတိုက်ဖျက်ရေး Convention ၏ ပြဋ္ဌာန်းချက်များကိုမူတည်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို ရေးဆွဲခဲ့ကြောင်း၊ ထိုသို့ရေးဆွဲပြီးနောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို ဥပဒေတွင်ပါသည့် တာဝန်နှင့် လုပ်ပိုင်ခွင့်များကိုအပ်နှင်းပြီး ယင်းကော်မရှင်ကို ဖွဲ့စည်းခဲ့ကြောင်း၊ ကော်မရှင်ကို ဖွဲ့စည်းခဲ့သည့် ရည်ရွယ်ချက်သည် ကုလသမဂ္ဂ အဂတိလိုက်စားမှုတိုက်ဖျက်ရေး Convention တွင်ပါသည့် ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရန်အတွက် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း၊ ၂၀၁၄ ခုနှစ်မှ ယနေ့အထိ အစိုးရအဆက်ဆက် ကော်မရှင်က သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်ဖြစ်စေရန် ဦးတည်၍ ဆောင်ရွက်လျက်ရှိကြောင်း၊ မည်သူ့ကိုမျှ ပုဂ္ဂိုလ်ရေးအရ အငြိုးထားပြီး ဆောင်ရွက်ခြင်း မရှိပါကြောင်း၊ ပေးပို့သည့်တိုင်ကြားစာပေါ်တွင် မူတည်ပြီး တိုင်ကြားစာအရ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ပြီး စစ်ဆေးပါကြောင်း၊ စစ်ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ တရားစွဲတင်သည့် ကိစ္စရပ်များ ဆောင်ရွက်ပါကြောင်း၊ ယခင်ကလည်း ယင်းစနစ်အတိုင်းဖြစ်ပြီး နောင်တွင်လည်း ဥပဒေပြဋ္ဌာန်းချက်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားသည်။

VOM သတင်းဌာနမှ သတင်းထောက် ဦးမောင်မောင်ထွန်းက မြန်မာနိုင်ငံတွင် ဆန်လုပ်ငန်းရှင်များအသင်း၊ ဆီလုပ်ငန်းရှင်များအသင်း စသည်ဖြင့် အသင်းအဖွဲ့များ ရှိကြောင်း၊ အလားတူ ရေသန့်လုပ်ငန်းရှင်များအသင်း ဟူ၍လည်း အသင်းအဖွဲ့တစ်ခု ရှိနေကြောင်း၊ အဆိုပါ ရေသန့်လုပ်ငန်းရှင်များအသင်းသည် တရားဝင် ဖွဲ့စည်းထားသည့် အသင်း ဟုတ်/ မဟုတ် သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက အသင်းအဖွဲ့များ လျှောက်ထားမှုနှင့် ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း၊ သတင်းထောက်ကြီး မေးမြန်းသည့် ရေသန့်လုပ်ငန်းရှင်များအသင်းကို မိမိအနေဖြင့် မတွေ့မိကြောင်း၊ ထို့ကြောင့် ယင်းကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနသို့ မေးမြန်းစေလိုကြောင်းဖြင့် ပြန်လည်ဖြေကြားသည်။

Bloomberg Myanmar မှ သတင်းထောက် ဒေါ်ပိုးသိင်္ဂီကျော်က လက်ရှိတွင် သွင်းကုန်အမယ်တချို့ တင်သွင်းရန် ယာယီပိတ်ပင်ထားသည့်အပြင် အချို့သွင်းကုန် ပါမစ်များကို ထုတ်ပေးရာတွင်လည်း ကြန့်ကြာမှုများ ရှိနေသည်ကို သွင်းကုန်လုပ်ငန်းရှင်များထံမှ သိရကြောင်း၊ အဆိုပါကိစ္စများနှင့် ပတ်သက်၍ မည်သည့်အချိန်တွင် ဖြေလျှော့ပေးရန် အစီအစဉ် ရှိ/ မရှိ သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက မိမိတို့အနေဖြင့် ပစ္စည်းမှာယူတင်သွင်းမှု အခြေအနေနှင့် ပတ်သက်ပြီး လေကြောင်း၊ ရေကြောင်းများနှင့် နယ်စပ်ကုန်သွယ်မှုစခန်းများမှ ကုန်သွယ်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လက်ရှိတွင် ပြည်ပမှ ကုန်ပစ္စည်းတင်သွင်းမှု သွင်းကုန်လိုင်စင် လျှောက်ထားမှုအပေါ်တွင် ကုန်ပစ္စည်းတန်ဖိုး ပေးချေရန် လိုအပ်သည့် နိုင်ငံခြားသုံးငွေ လဲလှယ်လွှဲပြောင်းခွင့် ရရှိရေးအတွက် နိုင်ငံခြားသုံးငွေ ကြီးကြပ်ရေးကော်မတီအစည်းအဝေးသို့ တင်ပြပြီး ခွင့်ပြုချက်ရရှိပါက သွင်းကုန်လိုင်စင် ထုတ်ပေးလျက်ရှိကြောင်း၊ နိုင်ငံခြားသုံးငွေကြီးကြပ်ရေး ကော်မတီအစည်းအဝေးကို အပတ်စဉ် အင်္ဂါနှင့် ကြာသပတေးနေ့များတွင် တစ်ပတ်လျှင် နှစ်ကြိမ် ကျင်းပလျက်ရှိကြောင်း၊ ပြည်တွင်းသုံးစွဲရန်လိုအပ်သည့် ကုန်ပစ္စည်းများ ပြည်ပမှ ဝယ်ယူတင်သွင်းမှုများတွင် နိုင်ငံတော်အတွက် အခြေခံမရှိ မဖြစ်လိုအပ်သည့် ကုန်ပစ္စည်းများအား ဦးစားပေး စိစစ်ခွင့်ပြုလျက်ရှိပါကြောင်း၊ အချို့သော ကုန်ပစ္စည်းများအား ကန့်သတ်ထားသည်များရှိကြောင်း၊ နိုင်ငံခြားသုံးငွေများကို နိုင်ငံတော်၏ လိုအပ်ချက်အတိုင်း အပြည့်အဝ သုံးစွဲနိုင်ရေးနှင့် နိုင်ငံခြားသုံးငွေ မလိုအပ်ဘဲ ပြည်ပသို့ စီးထွက်မှု တားဆီးနိုင်ရေးအတွက် စနစ်တကျ စိစစ်ကြပ်မတ်လျက်ရှိကြောင်း၊ နိုင်ငံတော်အတွက် အခြေခံမရှိမဖြစ် လိုအပ်ခြင်းမရှိသည့် ဇိမ်ခံပစ္စည်းများကဲ့သို့ ကုန်ပစ္စည်းတင်သွင်းမှုအား မိမိတို့အနေဖြင့် စိစစ်ကန့်သတ် ဆောင်ရွက်လျက်ရှိကြောင်း၊ ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးအတွက် တရုတ်နယ်စပ်တွင် ယွမ်နှင့် ကျပ်ငွေကြေး အသုံးပြုပြီး လုပ်ဆောင်ခြင်းများ၊ ထိုင်း၊ မြဝတီ၊ တာချီလိတ်ကုန်သွယ်ရေးစခန်းများတွင် ဘတ်နှင့် ကျပ်အသုံးပြုပြီး ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်လျက်ပေးနေသည့်အပြင် ဗဟိုဘဏ်အနေဖြင့်လည်း ခွင့်ပြုပေးထားသည့် ငွေကြေးအမျိုးအစားအားလုံးနှင့် ကုန်သွယ်မှု လွယ်ကူလျင်မြန်ချောမွေ့စေရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြန်လည်ဖြေကြားသည်။

ကုန်ကြမ်းပစ္စည်းများ ဦးစားပေးတင်သွင်းလျက်ရှိ

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကုန်သွယ်မှုနှင့်ပတ်သက်ပြီး ပင်လယ်ရေကြောင်း၊ လေကြောင်းတို့မှ ခွင့်ပြုထားသည့်အပြင် နယ်စပ်စခန်းများမှလည်း တင်ပို့၊ တင်သွင်းမှုများ ခွင့်ပြုထားကြောင်း၊ ဧပြီ ၄ ရက်နေ့မှစတင်ပြီး ဗဟိုဘဏ်၏ အမိန့်ညွှန်ကြားချက်နှင့်အညီ နိုင်ငံခြားငွေကြီးကြပ်မှုကော်မတီမှ ဖွဲ့စည်းပြီး ပြည်ပမှ တင်သွင်းသည့် ကုန်ပစ္စည်းများအတွက် ကော်မတီကိုတင်ပြရာ ကော်မတီမှ စိစစ်ပြီး ခွင့်ပြုလျက်ရှိကြောင်း၊ ဇိမ်ခံပစ္စည်းများ၊ တစ်ဦးချင်း ကားပါမစ်များ စသည်ဖြင့် တင်သွင်းခွင့် မပြုသည့် အမယ်များလည်းရှိကြောင်း၊ ယခင်က တင်သွင်းခွင့်ပြုခဲ့ သော်လည်း လက်ရှိတွင် မြန်မာနိုင်ငံအတွက် ကားလုံလောက်မှုရှိခြင်းကြောင့် လောလောဆယ်ယာယီအဖြစ် တစ်ဦးချင်း ကားပါမစ်တင်သွင်းမှုများလည်း ကန့်သတ်ထားမှုများရှိကြောင်း၊ ထို့ကြောင့် ဇိမ်ခံပစ္စည်းများ၊ လိုအပ်သည့် အမယ်များကို စိစစ်ကန့်သတ်ခွင့်ပြုပြီး ပြည်တွင်းအတွက် လိုအပ်သည့် စက်မှုကုန်ကြမ်း၊ စားသောက်ကုန်ကြမ်း၊ ပြည်တွင်းတွင် ထုတ်လုပ်မည့် စက်ရုံ၊ အလုပ်ရုံအတွက် လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများကို ဦးစားပေး တင်သွင်းလျက်ရှိကြောင်း၊ မိမိတို့ နိုင်ငံသည် လယ်ယာစိုက်ပျိုးရေးနိုင်ငံဖြစ်သည့်အတွက် လယ်ယာထုတ်ကုန်ပစ္စည်း၊ မွေးမြူရေးပစ္စည်းနှင့် သက်ဆိုင်သည့် ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ တိရစ္ဆာန်အစားအစာ၊ ဆေးဝါး စသည့် အမယ်များကို ဦးစားပေးပြီး တင်သွင်းခွင့်ပြုပေးထားကြောင်း၊ ဇိမ်ခံပစ္စည်းတင်သွင်းမှုအား နောက်ဆုံးအဆင့်တွင်သာ တင်သွင်းခွင့်ပြုထားကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံခြားငွေ ဒေါ်လာဈေးနှုန်းကြီးမြင့်မှု မရှိစေရန် ထိန်းညှိပြီး ဆောင်ရွက်သည့် အစီအစဉ်ဖြစ်ကြောင်း၊ လက်ရှိ တစ်ဒေါ်လာကို ၁၈၅၀ ကျပ်နှုန်းဖြင့် လက်ရှိ Export လုပ်ကိုင်သည့် ကုန်သည်လုပ်ငန်းရှင်များအား ပြန်လည်ထုတ်ပေးလျက်ရှိသကဲ့သို့ ပြည်ပမှ တင်သွင်းမည့်သူများအတွက်လည်း လိုင်စင်ချပေးမှုနှင့်အတူ တစ်ဒေါ်လာကို ကျပ် ၁၈၅၀ နှုန်းဖြင့် ရောင်းချပေးပြီး ခွင့်ပြုပေးလျက်ရှိကြောင်းဖြင့် ဖြည့်စွက်ပြောကြားသည်။

Myanmar Nation Voice မှ သတင်းထောက် ဒေါ်ဆွေဇင်ဦးက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် တပ်မတော်မှ အာဏာထိန်းခဲ့ကြောင်း၊ သို့သော် ဥပဒေကိုမလိုက်နာဘဲ အကြမ်းဖက်သူများ၏ လုပ်ဆောင်မှုများကြောင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုဘဝအေးချမ်းသာယာရေးတို့ကို စီမံဆောင်ရွက်ရာတွင် လိုသလောက် ခရီးမပေါက်သေးဟု မိမိအနေဖြင့် မြင်မိကြောင်း၊ အချို့နေရာများတွင် အတော်ဆိုးရွားနေသည်ဟု ထင်မိကြောင်း၊ အနုပညာရှင်များ၊ (ပုဒ်မ-၅၀၅) ဖြင့် တရားစွဲဆိုခြင်းခံရထားသူများ၊ တောအတွင်းသို့ ရောက်ရှိနေသူများကို နိုင်ငံတော်မှ ပြန်လည်ခေါ်ယူမှုများ ရှိနေသော်လည်း Myanmar Idol အဆိုတော် ဇင်ကြီး အသတ်ခံရကြောင်း၊ အလားတူ သရုပ်ဆောင် ယဉ်လတ်၏ နေအိမ်အား ဒုတိယအကြိမ် ဗုံးထောင်ခြင်းခံခဲ့သည်ကို ကြည့်ခြင်းအားဖြင့် အကြမ်းဖက်သမားများက အနုပညာသမားများဘက်သို့ ဦးတည်လုပ်ဆောင်လာသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် အဆိုပါ အနုပညာရှင်များကို နိုင်ငံတော်မှ မည်သို့ကာကွယ်ပေးမည်ကို သိလိုကြောင်းနှင့် လက်ရှိပုံစံဖြင့် ဆက်သွားနေမည်ဆိုပါက မိမိတို့မျှော်မှန်းထားသည့်ပန်းတိုင်မှာ ဝေးနေဦးမည်ဖြစ်ကြောင်း၊ ဥပဒေဘောင်အတွင်းမှာ အေးချမ်းသာယာစွာ နေထိုင်လိုသောသူများ၊ တပ်မတော်ကို လေးစားချစ်ခင် အားကိုးယုံကြည်ကြသည့် ရဟန်းသံဃာ၊ ပြည်သူများကို ထောက်ထားညှာတာပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီနှင့် တပ်မတော်အနေဖြင့် အချိန်ကာလတစ်ခုအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မျက်ကွယ်ပြု ကျော်လွန်ပြီး ငြိမ်ဝပ်ပိပြား သာယာအေးချမ်းသည်အထိ ပြုလုပ်ပေးနိုင်ရန် အစီအစဉ် ရှိ/ မရှိ သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက အနုပညာရှင်များသည် အများအားဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် နေထိုင်သူများပြားကြောင်း၊ လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် တပ်မတော်၊ နယ်မြေခံ ရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းပြီး လှည့်ကင်း၊ ရပ်ကင်း၊ ဝပ်ကင်းများဖြင့် လုံခြုံရေးတိုးမြှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရပ်ကွက်အတွင်း ဧည့်စာရင်းစစ်ဆေးခြင်း၊ အများသူ ငှာသွားလာနေသည့် မသင်္ကာဖွယ်နေရာများကို ရှောင်တခင် ဝင်ရောက်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် အနုပညာရှင်များနှင့် ဆက်စပ်သည့် နေရာများတွင်လည်း လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အနုပညာရှင်များအနေဖြင့် မိမိတို့အား အသက်အန္တရာယ်ခြိမ်းခြောက်မှုများ ပြုလာပါက သာမန်ဆက်သွယ်မှု လမ်းကြောင်းအပြင် အခြားဆက်သွယ်မှု လမ်းကြောင်းများကိုပါ ၎င်းတို့အား ပြောပြထားပြီးဖြစ်ကြောင်း၊ ယင်းအပြင် နေအိမ်များ၊ ဖြစ်နိုင်ခြေရှိသည့် နေရာများကိုလည်း လုံခြုံရေးအင်အား ထပ်မံတိုးမြှင့်ထားကြောင်း၊ သတင်းထောက်ကြီး ထပ်မံမေးမြန်းသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျော်လွန်ပြီး ယခုလောလောဆယ် လုပ်ဆောင်စရာမရှိကြောင်း၊ မိမိတို့အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်းသာ လုပ်ဆောင်မည်ဟု ပြောကြားထားပြီးဖြစ်ကြောင်း၊ လုံခြုံရေးနှင့် ပတ်သက်ပြီး တိုးမြှင့်ဆောင်ရွက်ခြင်းများ၊ ပူးပေါင်းဆောင်ရွက်ခြင်းများကို ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

ဆက်လက်၍ Myanmar Nation Voice မှ သတင်းထောက် ဒေါ်ဆွေဇင်ဦးက ပခန်းကြီးရဲစခန်းမှူးနှင့် တရားလွှတ်တော်ရှေ့နေ ဒေါ်ယဉ်မင်းမြင့်ဆွေတို့ ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်နှင့် ပတ်သက်ပြီး ပြည်သူလူထုအနေဖြင့် နောက်ဆုံးအခြေအနေကို သိလိုသဖြင့် ယင်းကိစ္စနှင့်ပတ်သက်၍ ဖြေကြားပေးစေလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက အဆိုပါကိစ္စနှင့် ပတ်သက်၍ ဌာနတွင်း အရေးယူရန် စုံစမ်းစစ်ဆေးရေးခုံရုံးဖြင့် ဆောင်ရွက်လျက်ရှိရာ ပြီးစီးပြီဟု သိရကြောင်း၊ ကျန်ရှိသည့် အဆင့်ကို ဆက်လက်လုပ်ဆောင်ရန် ကျန်ရှိမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

(ဆက်လက်ဖော်ပြပါမည်)