Skip to main content

အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်နှင့် အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ်တို့အကြား တွေ့ဆုံဆွေးနွေးပွဲကျင်းပ

နေပြည်တော် ဇွန် ၂၁

အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် (ASEAN Intergovernmental Commission on Human Rights - AICHR) နှင့် အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ် (Southeast Asia National Human Rights Institutions Forum – SEANF) တို့အကြား တွေ့ဆုံဆွေးနွေးပွဲကို ယနေ့တွင် Virtual Platform စနစ်ဖြင့် ကျင်းပသည်။

အခမ်းအနားသို့ ဖိုရမ်အဖွဲ့ဝင် ခြောက်နိုင်ငံဖြစ်သည့် ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်းနှင့် တီမောလက်စ်တေနိုင်ငံတို့မှ ကိုယ်စားလှယ်များ၊ AICHR ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ဥက္ကဋ္ဌ ဦးလှမြင့်၊ အဖွဲ့ဝင်များဖြစ်ကြသော ဦးပေါ်လွင်စိန်နှင့် ဒေါက်တာတင်မောင်မောင်သန်းတို့ တက်ရောက်ကြသည်။

အဆိုပါ ဆွေးနွေးပွဲ၌ အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ H.E. Keo Remy က အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ ဖိုရမ်ဥက္ကဋ္ဌဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံ လူ့အခွင့်အရေးကော်မရှင် (CHRP) က ၂၀၂၂ ခုနှစ် SEANF ပထမအကြိမ် လုပ်ငန်းအဖွဲ့ အစည်းအဝေးနောက်ပိုင်း ဆောင်ရွက်ချက်များနှင့် တိုးတက်ဖြစ်ပေါ်မှုများကို ဆွေးနွေးတင်ပြသည်။

ယင်းနောက် အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် (AICHR) ဥက္ကဋ္ဌက ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် AICHR ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ဦးစားပေးကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးသည်။ ဆွေးနွေးပွဲ၌ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌက AICHR-SEANF တို့အကြား ရှေ့ဆက်ပူးပေါင်းဆောင်ရွက်ရေး ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို အကြံပြု ဆွေးနွေးသည်။

ထို့နောက် အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် (AICHR) ဥက္ကဋ္ဌနှင့် SEANF ဥက္ကဋ္ဌတို့က နိဂုံးချုပ်အမှာစကား ပြောကြားကြောင်း သိရသည်။

သတင်းစဉ်