Skip to main content

အကြမ်းဖက်ပြစ်မှုများအကြား လူငယ်တို့ဘဝ မနစ်မွန်းခင်

လက်ရှိနိုင်ငံတော်အစိုးရသည် ရွေးကောက်ပွဲမသမာမှုနှင့်အတူ ယိမ်းယိုင်သွားခဲ့သည့်    ဒီမိုကရေစီစနစ်ကို ပြန်လည် တည့်မတ်ပေးနိုင်ရန် အခြေခံဥပဒေအရ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပြီး ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များ တိတိကျကျ ချမှတ်အကောင်အထည်ဖော်နေခြင်း ဖြစ်သည်။ ၎င်းရှေ့လုပ်ငန်းစဉ်နှင့် ဦးတည်ချက်များတွင် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပပြီး အနိုင်ရပါတီကို နိုင်ငံ့တာဝန်လွှဲအပ်ပေးရန်၊ နိုင်ငံကိုဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို  အခြေခံသည့် ပြည်ထောင်စုတည်ဆောက်သွားရန်ဟူသည့် အချက်များ အတိအလင်း ဖော်ပြထားသည်။

မိမိတို့နိုင်ငံတွင် လွတ်လပ်ရေးရရှိပြီးကတည်းက ပေါ်ပေါက်လာခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အပြည့်အဝ ဆောင်ရွက်နိုင်ခြင်းမရှိခဲ့။ ဒေသတွင်းနိုင်ငံများ တစ်နှစ်ပြီးတစ်နှစ် ရှေ့သို့ရောက်သွားချိန်တွင် မိမိတို့မှာ ပြည်တွင်းပြဿနာများနှင့် လုံးထွေးရစ်ပတ်ကာ အထွေထွေနောက်ကျကျန်မှုကြီးတွင်သာ ပိတ်မိနေခဲ့သည်။ စည်းလုံးညီညွတ်မှု အားနည်းပြီး အက်ကြောင်းပေါ်လာသည့်အခါတိုင်း မိမိတို့နိုင်ငံကို ပြိုကွဲပျက်စီးသွားစေလိုသည့် ပြည်ပအမှောင့်ပယောဂများ ဝင်လာလေ့ရှိရာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန် ခက်ခဲသလောက် မအောင်မြင်သည့်၊ ကျရှုံးနိုင်ငံ ဖြစ်စေရန်မှာမူ လွန်စွာပင်လွယ်ကူလှသည်။

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး တည်ဆောက်ရာတွင် အစိုးရအဖွဲ့ကသာ ဆောင်ရွက်၍မရဘဲ  ပြည်သူလူထုကပါ   ဝိုင်းဝန်း ပူးပေါင်းပါဝင်ဆောင်ရွက်ကြရခြင်း ဖြစ်သည်။ အစိုးရနှင့် ပြည်သူ ညီညီညွတ်ညွတ် ဆောင်ရွက်သည်နှင့်အမျှ တည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုတို့ လျင်လျင်မြန်မြန် ဖြစ်ထွန်းနိုင်သည်။ သို့ရာတွင်  ကိုယ်ကျိုးရှာ   နိုင်ငံရေးသမားတို့၏  အာဏာလောဘနှင့် ဘယ်သူသေသေ၊ ငတေမာရင်ပြီးရော စိတ်ဓာတ်တို့မှ ပေါက်ဖွားလာသည့် လုပ်ရပ်တို့က တိုင်းပြည်ကို ပျက်လုခမန်း ဖျက်ဆီးနိုင်သည်ကိုလည်း သမိုင်းကြောင်းနှင့် ယှဉ်၍ သတိချပ်ကြရာသည်။

လူငယ်ဟူသည် လှုပ်ရှားတက်ကြွသူများ၊ စူးစမ်းတတ်သူများ၊ စွန့်စားလိုသူများ၊ အဖွဲ့အစည်း အသင်းအပင်းကို ခင်တွယ်သူများ၊ မတရားမှုကို ဆန့်ကျင်လိုသူများဖြစ်ကြပြီး ယင်းသို့သော လူငယ်တို့၏ သဘာဝကို ကိုယ်ကျိုးရှာနိုင်ငံရေးသမားတို့က အသုံးချလေ့ရှိကြသည်။   အကြောင်းအမျိုးမျိုးဖြင့် PDF အပါအဝင် လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသို့   ရောက်ရှိနေကြသည့် လူငယ်လူရွယ်များ အကြမ်းဖက်ပြစ်မှု ကျူးလွန်မှုများအကြား ဘဝမနစ်မွန်းခင် အချိန်မီ အလင်းရောင်အောက်သို့ ပြန်လည် ဝင်ရောက်နိုင်ကြပါစေကြောင်း။           ။