Skip to main content

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ ပြည်သူ့အငှားအိမ်ရာစီမံကိန်းနှင့် မြောက်ပိုင်းခရိုင်အတွင်းရှိ လမ်း၊ တံတားများ ကြည့်ရှုစစ်ဆေး

ရန်ကုန် ဇွန် ၁၉

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ဇွန် ၁၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်ရှိ ပြည်သူ့အငှားအိမ်ရာ စီမံကိန်းရှင်းလင်းဆောင်သို့ရောက်ရှိရာ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ်က ပြည်သူ့အငှားအိမ်ရာစီမံကိန်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေမှုကိုလည်းကောင်း၊ မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာများအသင်းချုပ် ဒုတိယအကြီးတန်းဥက္ကဋ္ဌတို့က FIF စနစ်ဖြင့် စီမံကိန်းဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ကြည့်ရှုစစ်ဆေး

ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးက အခြေခံအဆောက်အအုံလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေရရှိရေး၊ လျှပ်စစ်ဓာတ်အားရရှိရေးနှင့် အဆောက်အအုံများ အရည်အသွေးစစ်ဆေးချက်လုပ်ငန်းတို့ကို တစ်ပြိုင်တည်း ဟန်ချက်ညီဆောင်ရွက်ရေး စီမံကိန်းကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ရန်မှာကြားပြီး ပြည်သူ့အငှားအိမ်ရာ စီမံကိန်းလုပ်ငန်းခွင်နေရာများသို့ ကြည့်ရှုစစ်ဆေးသည်။

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ ပြည်သူ့အငှားအိမ်ရာ စီမံကိန်းမြေဧရိ ယာ ၁၇၁ ဧကပေါ်တွင် လေးခန်းတွဲ၊ ငါးထပ် ၁၉၄ လုံး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် မက်စ်မြန်မာဟိုင်းဝေးကုမ္ပဏီက B.O.T စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသော အမှတ်(၂)လမ်း မိုင်(၈/၀)မှ (၁၆/၀)ထိ ရှစ်မိုင် အပိုင်း ၄၈ ပေ အကျယ်ကွန်ကရစ် လမ်းချဲ့ပြီးစီးမှုနှင့် မိုင်(၁၆/၀)မှ (၃၁/၀)အထိ ၁၅ မိုင် အပိုင်းအား ၄၈ ပေအကျယ် ကွန်ကရစ်လမ်းချဲ့ခင်းခြင်း ဆောင်ရွက်နေမှုတို့ကိုကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ပဲခူးမြစ်ကူးတံတား (ဒါးပိန်-သပြု) ချဉ်းကပ်လမ်းနှင့် တံတားကြံ့ခိုင်မှု၊ လှည်းကူး-ဖောင်ကြီးလမ်း ကိုးမိုင် နှစ်ဖာလုံရှိ ရန်ကုန်- မန္တလေးအမြန် လမ်းမကြီး Under Pass နှင့် လှည်းကူး-ကြို့ကုန်းလမ်း မိုင်(၀/၆)မှ (၁၀/၇) အတွင်း လမ်းဘေးဝဲ/ယာ လမ်းအလင်းဖွင့်ဆောင်ရွက်နေမှုနှင့် လမ်းပခုံးရှင်းလင်းခြင်းလုပ်ငန်းနှင့် တိုက်ကြီး-ဖူးကြီး-ဖောင်ကြီး-ဘုရားကြီးလမ်း မိုင် (၁၇/၁) မှ (၂၁/၆) နှင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)ထိ လမ်းတစ်လျှောက်ချုံနွယ် ရှင်းလင်းခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် ငါးဆူတောင်ကျေးရွာ-ကြာအင်းလမ်းနှင့် ညောင်နှစ်ပင် အမျိုးသားညီလာခံ ပြည်ထောင်စုခန်းမကြီးအဝင် လမ်းမြေသားအမာခံလမ်း ဆောင်ရွက်နေမှုကိုလည်းကောင်း၊ အမျိုးသားညီလာခံ ပြည်ထောင်စုခန်းမကြီး ပြင်ဆင်ခြင်းလုပ်ငန်းတိုးတက်မှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် အမှတ်(၁) ခရိုင် ချင်းဆက်လမ်း မိုင်(၀/၀)မှ (၅/၇)အတွင်း ကျောက် ချောလမ်းဖောက်လုပ်ခြင်းလုပ်ငန်းတိုးတက်မှုနှင့် မှော်ဘီမြို့နယ် လမ်းဦးစီးဌာန၊ လမ်းအထူးအဖွဲ့(၁၄)ရုံး၌ စက်၊ ယာဉ်၊ ယန္တရားများ စုဖွဲ့ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်