Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)မှ စစ်ဦးစီးချုပ်အဆင့်ရှိ စောစတီး ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော် ဇွန် ၁၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) မှ စစ်ဦးစီးချုပ်အဆင့်ရှိ စောစတီး ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ တွေ့ဆုံ၍ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးသည်။

အဆိုပါ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့တက်ရောက်ကြပြီး ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)မှ စစ်ဦးစီးချုပ်အဆင့်ရှိ စောစတီးနှင့်အတူ စစ်ရေးချုပ်အဆင့်ရှိသူ စောစိန်ဝင်းနှင့် ဆက်ဆံရေးဌာနမှူးစောကျော်သန်းဌေးတို့ တက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ပြည်ထောင်စုအကျိုးကိုရှေ့ရှု၍ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရန်ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ပြီး တွေ့ဆုံဆွေးနွေးရာတွင်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တောင်းဆိုချက်များ၊ ဒေသတစ်ခုခြင်းနှင့် တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်ပြီး ဖြစ်သင့်ဖြစ်ထိုက်သည်များကို ပွင့်လင်းစွာဖြင့် အကြေအလည်ဆွေးနွေးသွားမည်ဖြစ်သဖြင့် အမြင်ကျယ်ကျယ်ဖြင့် ဆွေးနွေးကြစေလိုကြောင်း၊ ပြည်သူလူထုဆန္ဒနှင့်ကိုက်ညီသည့် ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရှင်းလင်းဆွေးနွေးပြောကြားသည်။

ထို့နောက် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)မှ စစ်ဦးစီးချုပ်အဆင့်ရှိ စောစတီးနှင့်အဖွဲ့ဝင်များက ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)အနေဖြင့် တပ်မတော်နှင့် အမြဲတမ်းလက်တွဲဆောင်ရွက်သွားမည်ဖြစ်သည့် အခြေအနေများနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးနှင့်ပတ်သက်၍ သဘောထားတူညီချက်အမြင်များကို ပြန်လည်ဆွေးနွေးပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို တင်ပြသည်။ ယင်းနောက် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ နှစ်ဖက်အမြင်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)မှ စစ်ဦးစီးချုပ်အဆင့်ရှိ စောစတီးနှင့်အဖွဲ့ဝင်များအား အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ရာ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)မှ စစ်ဦးစီးချုပ်အဆင့်ရှိ စောစတီးက ဒေသထွက်လက်ဆောင်ပစ္စည်းများကို ပြန်လည်ပေးအပ်ခဲ့ပြီး အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကြသည်။

အဆိုပါ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)မှ စစ်ဦးစီးချုပ်အဆင့်ရှိ စောစတီး ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဖွဲ့စည်းပေးထားသည့် ကောင်စီဝင်များပါဝင်သည့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီတို့နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။