နေပြည်တော် ဇွန် ၁၆
“ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ” သည် မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့်စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များ၊ အသင်းဝင်ကုမ္ပဏီများစုစည်းဖွဲ့စည်းထားသော Consortium အဖွဲ့နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့နှင့်ပူးပေါင်း၍ တောင်သူလယ်သမားများ စိုက်ပျိုးရေးလုပ်ငန်းခွင်တွင်အသုံးပြုရန် လိုအပ်လျက်ရှိသောအရည်အသွေးနှင့် စံချိန်စံညွှန်းပြည့်မီသည့် ယူရီးယားမြေဩဇာများ ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်။
ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့်တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေဖြင့် ပထမအကြိမ် တင်သွင်းသည့်ယူရီးယားမြေဩဇာ ၇၅၀၀၀ တန်ခန့်ကို သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်ပြီး ဇွန် ၁၁ ရက်မှစတင်၍ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၁ ခုရှိ မြို့နယ် ၁၃၆ မြို့နယ်မှ အရောင်းဆိုင် ၂၉၁ ဆိုင်တွင် ကြိုက်ရောင်း/ ကြိုက်ဝယ်စနစ်ဖြင့် လက်ငင်းငွေချေဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။
တောင်သူများအနေဖြင့် ဈေးနှုန်းသက်သာစွာ ဖြန့်ဖြူးရောင်းချပေးမည့်ယူရီးယားမြေဩဇာများကို သက်ဆိုင်ရာကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ထံမှ ဝယ်ယူခွင့်လက်မှတ်များ အခမဲ့ရယူ၍ မြို့နယ်များရှိသက်ဆိုင်ရာအရောင်းဆိုင်များ၌ “ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေးဦးဆောင်ကော်မတီ” မှ ထုတ်ပြန်ထားသော ရည်ညွှန်းဈေးနှုန်းများအတိုင်း ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။
တောင်သူများအနေဖြင့် ယူရီးယားမြေဩဇာများကို မြို့နယ်အလိုက်သတ်မှတ်ဖြန့်ဖြူးရောင်းချသည့် အရောင်းဆိုင်များ၌ သတ်မှတ်ဈေးနှုန်းအတိုင်းဝယ်ယူရရှိခြင်းမရှိလျှင် သော်လည်းကောင်း၊ သတ်မှတ်စည်းကမ်းများနှင့်ကိုက်ညီပြီးဝယ်ယူရန် အခက်အခဲရှိခဲ့လျှင်သော်လည်းကောင်း သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဖုန်း ၀၆၇-၄၁၀၀၃၅၊ သမဝါယမ ဦးစီးဌာန ဖုန်း ၀၆၇-၄၁၀၀၄၀၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဖုန်း ၀၆၇-၄၁၈၆၂၁ နှင့် တိုင်းဒေသကြီး/ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးများနှင့် မြို့နယ်အဆင့်ဖြန့်ဖြူးရောင်းချရေးကော်မတီများသို့လည်း ဆက်သွယ်နိုင်ကြောင်းသိရသည်။
သတင်းစဉ်