Skip to main content

မြို့နယ်အချို့ရှိ PDF အမည်ခံ အကြမ်းဖက်သမားများက ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြားကာ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ပညာရေးကဏ္ဍ မြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီး

နေပြည်တော် ဇွန် ၁၅

NUG အမည်ခံ အကြမ်းဖက်အဖွဲ့နှင့် ၎င်း၏လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်သမားများသည် အနာဂတ်လူငယ်များ၏ ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန်နှင့် ၎င်းတို့အား အကြောက်တရားဖြင့် ထောက်ခံအားပေးလာစေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် ကျောင်းသား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ အထောက်အကူပြုပစ္စည်းများနှင့် ကျောင်းသုံး ပုံနှိပ်စာအုပ်များ၊ ကျောင်းသုံးစာအုပ်များအား မီးရှို့ဖျက်ဆီးခြင်း၊ အတင်းအဓမ္မလုယူခြင်း စသည့် နည်းလမ်းမျိုးစုံ အသုံးပြုကာ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီးလျက် ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ဇွန်လ ၁၄ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ကိုင်းရိုးကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်းမှ အလယ်တန်းပြကျောင်း ဆရာ/ ဆရာမ ၂ ဦး၏ နေအိမ်များအား PDF အမည်ခံ အကြမ်းဖက်အဖွဲ့က လက်လုပ်ဗုံးများဖြင့် ပစ်ပေါက်ခဲ့သဖြင့် လက်လုပ်ဗုံးများ ကျရောက်ပေါက်ကွဲခဲ့သဖြင့် နေအိမ်ကြမ်းခင်းနှင့် အမိုးသွပ်များ ပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ ည ၆ နာရီခန့်တွင် ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့၊ အမှတ်(၁) ရပ်ကွက်ရှိ စည်ပင်ရုံးနှင့် အမှတ်(၂)ရပ်ကွက်ရှိ “ခမ်း”ကိုယ်ပိုင်အထက်တန်းကျောင်းတို့အား လည်းကောင်း၊ ည ၁၀ နာရီ ၅၀ မိနစ်ခန့်တွင် ဧရာ၀တီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ အချုပ်ကလေးကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်းခွဲအား လည်းကောင်း၊ ယနေ့ နံနက် ၂ နာရီခန့်တွင် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းအား လည်းကောင်း၊ နံနက် ၃ နာရီ ၁၀ မိနစ်ခန့်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ မန်ခိန်ရပ်ကွက်၊ အခြေခံပညာ အထက်တန်းကျောင်းရှိ “ရွှေနဒီ” ကျောင်းဆောင်ဟောင်းအား လည်းကောင်း PDF အမည်ခံ အကြမ်းဖက်သမားများက မီးပုလင်းများဖြင့် ပစ်ပေါက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ကြရာ မီးလောင်မှုများကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရသည်။ မီးလောင်မှုများကြောင့် ကျောင်းဆောင်များအတွင်းရှိ စာရွက်စာတမ်း၊ စာရေးခုံများ၊ သင်ထောက်ကူပစ္စည်းများနှင့် ဗီရိုများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး အုတ်ခံ၊ ပျဉ်ထောင်၊ သွပ်မိုး၊ ပျဉ်ခင်း၊ စာသင်ခန်း (၃)ခန်းတွဲ (၂)ထပ် ကျောင်းဆောင် ၁ လုံး မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်းနှင့် တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့်လည်း ယခုကဲ့သို့ ယုတ်မာရိုင်းစိုင်းသည့် လုပ်ရပ်ကို ကျူးလွန်ခဲ့သည့်၊ ကျူးလွန်ရန် အားပေးလှုံ့ဆော်နေသည့် NUG၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များအပေါ် ဝိုင်းဝန်းဆန့်ကျင်ကြရန်နှင့် အကြမ်းဖက်အဖွဲ့များ၏ လှုပ်ရှားမှုသတင်းများရရှိပါက လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များထံ သတင်းပို့ခြင်းဖြင့် ပြည်သူ့လုံခြုံရေး၊ အနာဂတ်လူငယ်များ၏ လုံခြုံရေးကို ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံ တိုက်တွန်းထားကြောင်း သတင်းရရှိသည်။