Skip to main content

မြို့နယ်အချို့၌ အနာဂတ်မျိုးဆက်သစ်ရင်သွေးငယ်များ၏ ပညာရေးနောက်ကျကျန်မှု မဖြစ်စေရေးအတွက် အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားမှုကိုမလိုလားသူ နိုင်ငံရေးအစွန်းရောက်များက အကြမ်းဖက်ခြိမ်းခြောက်မှုများ လုပ်ဆောင်

နေပြည်တော် ဇွန် ၁၄

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ၏အနာဂတ်ဖြစ်သည့် မျိုးဆက်သစ်ရင်သွေးငယ်များ၏ ပညာရေးတွင် နောက်ကျကျန်ရစ်မှု မဖြစ်ပေါ်စေရေးအတွက် ပညာသင်ကြားနိုင်မှု အခွင့်အလမ်းကို ပြည့်ဝစွာအသုံးချနိုင်စေရန် အခြေခံပညာကျောင်းများကို ဇွန်လ ၂ ရက်တွင် စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ NUG နှင့် ၎င်း၏လက်အောက်ခံ နိုင်ငံရေးအစွန်းရောက်အကြမ်းဖက်များက အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ မိဘများအား အထိတ်တလန့်ဖြစ်စေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် စာသင်ကျောင်းများတွင် ဆန့်ကျင်ခြိမ်းခြောက်စာများ ရေးသားချိတ်ဆွဲ၍ ခြိမ်းခြောက်အကြမ်းဖက်ခြင်းများ လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရှိရသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ဇွန်လ ၁၃ ရက်နေ့နံနက် ၉ နာရီ ၄၅ မိနစ်အချိန်တွင် မကွေးတိုင်းဒေသကြီး၊ သရက်မြို့ရှိ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်းရှိ ကျောင်းဆောင်အုတ်နံရံများ၌ အကြမ်းဖက်သမားများက ဆန့်ကျင်ခြိမ်းခြောက်စာများရေးသားထားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျောင်းဝင်းအတွင်းရှိ တေဇအောင်(၆)ခန်းတွဲ အရှေ့ဘက်အုတ်နံရံ၌ “CDM မလုပ်တဲ့ ဆရာ/မများ၊ အသေဆိုးနဲ့သေပါစေ၊ Grade-7 “ရွှေသွေး” အဆောင်အတွင်းအုတ်နံရံ၌ "စစ်ကျွန်ပညာရေးအားမပေး” ၊ Grade-10 “အောင်ရတနာ”အဆောင်(၃)ခန်းတွဲ အတွင်းအုတ်နံရံ၌ “ကျောင်းတက်နေတဲ့ ကျောင်းသားတွေ သေတဲ့သူတွေ အားနာပါဦး” ဟူသော ဆန့်ကျင်ခြိမ်းခြောက်စာများအား အနက်ရောင်၊ အနီရောင်မှုတ်ဆေးများဖြင့် ရေးသားထားသည်ကို တွေ့ရှိခဲ့ရသဖြင့် ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သိရသည်။

ထို့ပြင် ဇွန်လ ၁၂ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ရှိ စစ်ကိုင်းပညာရေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါ်မြတ်မြတ်သော် ကိုင်ဆောင်သည့် လက်ကိုင်ဖုန်းသို့ PDF အမည်ခံအကြမ်းဖက်သမားက ဖုန်းအမှတ် ၀၉-၇၈၂၅၀၅၉၅၈ ဖြင့် “စစ်ကိုင်း PDF ထံသို့ အလှူငွေ (၅)သိန်းပေးသွင်းရန်၊ ဝန်ထမ်းများအားလုံး CDM ပြုလုပ်ရန်၊ အလှူငွေမထည့်တဲ့ ဝန်ထမ်းအားလုံး ၎င်းတို့အဖွဲ့မှ စောင့်ကြည့်ရှင်းလင်းပစ်မည်”ဟု ခြိမ်းခြောက်စာ ရေးသားထားသည့် Message များ ပေးပို့ခြိမ်းခြောက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းရှာဖွေဖော်ထုတ်လျက်ရှိသည်။

အလားတူ ဇွန်လ ၁၃ ရက် နံနက် ၉ နာရီ ၁၅ မိနစ်အချိန်တွင် ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ကျွန်းတောကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ကလေးသူငယ်များအား ပညာသင်ကြားပေးလျက်ရှိသည့် ကျောင်းအုပ်ဆရာမကြီး ဒေါ်မိမိထွေးပါ ကျောင်းဆရာတစ်ဦး၊ ဆရာမ ၄ ဦးတို့အား PDF အမည်ခံအကြမ်းဖက်သမားများက မိုးစစ်ကျေးရွာသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး ဆရာ၊ ဆရာမများအား “ကလေးသူငယ်များကို ဆက်လက်၍ ပညာသင်ကြားခြင်း မပြုရန်နှင့် CDM ပြုလုပ်သွားရန် ပြောဆိုခြိမ်းခြောက်ကာ နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန်ခန့်၌ ပြန်လည်စေလွှတ်ပေးခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်များမှ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ မိဘများအား အထိတ်တလန့် ဖြစ်စေရန်နှင့် စာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားခြင်းမပြုနိုင်စေရန် ရည်ရွယ်၍ ခြိမ်းခြောက်အကြမ်းဖက်ခြင်းများ ပြုလုပ်ခဲ့သည့် နိုင်ငံရေးအစွန်းရောက်အကြမ်းဖက်များအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။