Skip to main content

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၌ ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြားကာ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ PDF အမည်ခံ အကြမ်းဖက်သမားများက ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီး

နေပြည်တော် ဇွန် ၁၂

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ၏အနာဂတ်ဖြစ်သည့် မျိုးဆက်သစ် ရင်သွေးငယ်များ၏ ပညာရေးတွင် နောက်ကျကျန်ရစ်မှု မဖြစ်ပေါ်စေရေးအတွက် ပညာသင်ကြားနိုင်မှု အခွင့်အလမ်းကို ပြည့်ဝစွာ အသုံးချနိုင်စေရန် အခြေခံပညာကျောင်းများကို ဇွန်လ ၂ ရက်တွင် စတင်ဖွင့်လှစ် သင်ကြားပေးခဲ့ပြီး ကျောင်းဝတ်စုံ၊ ကျောင်းသုံးဖတ်စာအုပ် အပါအဝင် ကျောင်းသုံး စာရေးကိရိယာများကို နိုင်ငံတော်အစိုးရမှ အခမဲ့ ထောက်ပံ့ပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းတို့ကို အင်တိုက်အားတိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

သို့ရာတွင် NUG အမည်ခံ အကြမ်းဖက်အဖွဲ့နှင့် ၎င်း၏လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်သမားများသည် အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြား သင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန်နှင့် ၎င်းတို့ကို အကြောက်တရားဖြင့် ထောက်ခံအားပေးလာစေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် ကျောင်းသား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ အထောက်အကူပြုပစ္စည်းများနှင့် ကျောင်းသုံး ပုံနှိပ်စာအုပ်များ၊ ကျောင်းသုံးစာအုပ်များအား မီးရှို့ဖျက်ဆီးခြင်း၊ အတင်းအဓမ္မလုယူခြင်း စသည့် နည်းလမ်းမျိုးစုံ အသုံးပြုကာ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီးလျက် ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ဇွန်လ ၁၁ ရက်နေ့ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ချောင်းဦးမြို့မရပ်ကွက်၊ မုံရွာ-မန္တလေးသွား ကားလမ်းဘေးရှိ ချောင်းဦး အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်း၌ မသင်္ကာဖွယ် အထုပ် ၃ ထုပ်တွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ စာသင်ကျောင်း၏ မြောက်ဘက် ကိုက် ၂၀ ခန့်အကွာ ကျောင်းရှေ့မြေကွက်လပ်တွင် ကြွပ်ကြွပ်အိတ်အနက်ရောင် ၃ အိတ်အတွင်းမှ သံပိုက်ဖြင့် ပြုလုပ်ထားသော လက်လုပ်မိုင်း ၃ လုံးအား တွေ့ရှိရသဖြင့် ဖယ်ရှား ရှင်းလင်းခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိသည်။ တိုင်းရင်းသားပြည်သူ လူထုတစ်ရပ်လုံးအနေဖြင့်လည်း ယခုကဲ့သို့ ယုတ်မာရိုင်းစိုင်းသည့် လုပ်ရပ်ကို ကျူးလွန်ခဲ့သည့်၊ ကျူးလွန်ရန် အားပေးလှုံ့ဆော်နေသည့် NUG၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များအပေါ် ဝိုင်းဝန်းဆန့်ကျင်ကြရန်နှင့် အကြမ်းဖက်အဖွဲ့များ၏ လှုပ်ရှားမှုသတင်းများရရှိပါက လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များထံ သတင်းပို့ခြင်းဖြင့် ပြည်သူ့လုံခြုံရေး၊ အနာဂတ် ရင်သွေးငယ်များ၏ လုံခြုံရေးကို ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံ တိုက်တွန်းထားကြောင်း သတင်းရရှိသည်။