Skip to main content

တာဝန်မှကင်းကွာနေသော အခြေခံပညာရေးဝန်ထမ်းများအား သက်မှတ်ရက် ထပ်မံတိုးမြှင့် ဖိတ်ခေါ်ခြင်း

ခြိမ်းခြောက် အကျပ်ကိုင်ခံရမှုကြောင့် လည်းကောင်း၊ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများတွင် ပါဝင်ခဲ့မိသောကြောင့် လည်းကောင်း၊ သွားလာမှု ခက်ခဲခြင်းကြောင့် လည်းကောင်း စိုးရိမ်ကြောင့်ကြမှုများကြောင့် တာဝန်မှ ကင်းကွာခဲ့သော ပညာရေးဝန်ထမ်း ဆရာ ဆရာမများ၊ ဝန်ထမ်းစည်းကမ်းဖြင့် အရေးယူခံထားရသည့် ဆရာ ဆရာမများအနေဖြင့် နိုင်ငံသား မျိုးဆက်သစ်လူငယ်များအတွက် စေတနာ၊ ဝါသနာ၊ အနစ်နာဟူသော နာသုံးနာကိုရှေးရှု၍ သင်ကြားရေးတာဝန်ကို ပြန်လည်ထမ်းဆောင်နိုင်ရန်အတွက် မိမိတို့၏ သဘောဆန္ဒအလျောက် မိမိတို့နောက်ဆုံး တာဝန်ထမ်းဆောင်ခဲ့ရာ ကျောင်းတည်ရှိသည့် မြို့နယ်ပညာရေးမှူးရုံးသို့ဖြစ်စေ၊ မိမိတို့ လက်ရှိနေထိုင်ရာ ဒေသရှိ နီးစပ်ရာ မြို့နယ်ပညာရေးမှူးရုံးသို့ဖြစ်စေ ၇-၆-၂၀၂၂ ရက်နေ့မတိုင်မီ သတင်းပို့ကြရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့က ထပ်မံသတင်းထုတ်ပြန် ဖိတ်ခေါ်ခဲ့ရာ ဆရာ၊ ဆရာမ (၂၉၆၀)ဦး ဆက်သွယ် သတင်းပို့ခဲ့ပါသည်။

ဆက်သွယ်သတင်းပို့ရန် ဆန္ဒရှိပါသော်လည်း လမ်းပန်းဆက်သွယ်ရေးနှင့် အခြားသော အခက်အခဲများကြောင့် သတ်မှတ်ရက်အတွင်း သတင်းပို့နိုင်ခြင်းမရှိသော ဆရာ ဆရာမများအတွက် သတင်းပို့ဆက်သွယ်ရမည့်ရက်ကို (၁၄ - ၆ - ၂၀၂၂) ရက်နေ့အထိ ထပ်မံ၍ တိုးမြှင့်သတ်မှတ် ပေးလိုက်ကြောင်း အသိပေးကြေညာအပ်ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

သတင်းထုတ်ပြန်ရေးအဖွဲ့