နေပြည်တော် ဇွန် ၁၁
ရန်ကုန်တိုင်းဒေသကြီးအတွင်း လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားများကို တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေး၊ ဖြန့်ဖြူးလျက်ရှိသည့် ဓာတ်အားစနစ် တည်ငြိမ် တိုးတက်ကောင်းမွန်စေရေး၊ လျှပ်စစ်ဓာတ်အားလျော့နည်းပပျောက်မှု ကျဆင်းစေရေးတို့အတွက် ခရိုင်လျှပ်စစ်မန်နေဂျာ/ ခရိုင်လျှပ်စစ် အင်ဂျင်နီယာများ၊ မြို့နယ်လျှပ်စစ်မန်နေဂျာ/မြို့နယ် လျှပ်စစ်အင်ဂျင်နီယာများနှင့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တိုးတက်ထုတ်လုပ်နိုင်ရန်ဆောင်ရွက်
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က ရန်ကုန်တိုင်းဒေသကြီး၏ လျှပ်စစ်ဓာတ် အားသုံးစွဲမှုသည် နှစ်စဉ် ၁၅ ရာခိုင်နှုန်းခန့် တိုးတက်သုံးစွဲလျက်ရှိသည့် အတွက် အဆိုပါ တိုးတက်သုံးစွဲလာမည့် ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဓာတ်အားထုတ်လုပ်မှုအပိုင်းတွင် ပြန်ပြည့်မြဲ စွမ်းအင် အပါအဝင် နည်းမျိုးစုံဖြင့် တိုးတက်ထုတ်လုပ်နိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် ဓာတ်အားပို့လွှတ်ခြင်းအပိုင်း တိုးချဲ့ဆောင်ရွက်ခြင်း၊ ဓာတ်အား ဖြန့်ဖြူးခြင်းအပိုင်းများကိုလည်း တိုးချဲ့ပြုပြင်ဆောင်ရွက်လျက် ရှိကြောင်း၊ ထိုသို့ဆောင်ရွက်မှုများကို အားလုံးက တက်ညီလက်ညီကြိုးစား ဆောင်ရွက်ကြရန် နှင့် ရရှိလာသော နိုင်ငံတော်၏ ဘဏ္ဍာငွေကို အလေအလွင့်မရှိအောင် အကျိုးရှိစွာ အသုံးချနိုင်စေရေး သတ်မှတ်ထားသည့်အချိန်ကာလအတွင်း အရည်အသွေး ပြည့်ဝ ကောင်းမွန်သည့် ပစ္စည်းများကို စနစ်တကျသုံးစွဲတည်ဆောက်ကြရန် လိုအပ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ထုတ်လုပ်ပြီး လျှပ်စစ်ဓာတ်အားများ ပြည်သူလူထုထံသို့ ဓာတ်အားပျောက်ဆုံးမှု အနည်းဆုံးနှင့် ဗို့အားပြည့်ဝတည်ငြိမ်စွာဖြင့် အချိန်မီဖြန့်ဖြူးပေးပို့နိုင်ရေးသည် မိမိတို့ဝန်ကြီးဌာန၏ အဓိက ရည်မှန်းချက်ဖြစ်ကြောင်း၊ ကျန်ရှိနေသည့် ဓာတ်အားခ ကြွေးကျန်များကိုလည်း ရာနှုန်းပြည့် အပြည့်အဝကောက်ခံရရှိစေရေး ခရိုင်/ မြို့နယ် လျှပ်စစ်မန်နေဂျာ များ၊ လျှပ်စစ်အင်ဂျင်နီယာများ၊ ဘဏ္ဍာရေးတာဝန်ခံများက အောက်ခြေအထိကွင်းဆင်းပြီး ကြီးကြပ်ဆောင်ရွက်သွားရန်နှင့် မီတာဖတ်ခြင်း၊ မီတာဘေလ် ဝေခြင်းနှင့် ဓာတ်အားခ ကောက်ခံခြင်း ကိစ္စရပ်များကိုလည်း လုံခြုံရေးပြည့်ပြည့်ဝဝဖြင့် တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် ပြည်သူကို ဝန်ဆောင်မှုပေးနေသော ဌာနဖြစ်သည့်အလျောက် ပြည်သူလူထု၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်များ အပေါ် အတတ်နိုင်ဆုံး ဖြည့်ဆည်းနိုင်အောင် ဆောင်ရွက်ပြီး အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ရေး စေတနာထား၍ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ် ကြောင်း ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်လျှပ်စစ်မန်နေဂျာများ၊ ခရိုင်လျှပ်စစ်အင် ဂျင်နီယာများက မိမိတို့ခရိုင်/ မြို့နယ်များအတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးထားမှု အခြေအနေ၊ နှစ်အလိုက် ဓာတ်အားတိုးတက်သုံးစွဲလာမှုနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်း ကျဆင်းရေးအတွက် ဆောင်ရွက်ထားရှိမှု၊ ဓာတ်အားခများကောက်ခံရရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို အသီးသီးရှင်းလင်းတင်ပြကြရာ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းဥက္ကဋ္ဌ ဦးအောင်ကျော်ဦးနှင့် သက်ဆိုင်ရာဦးစီးဌာနအလိုက် ညွှန်ကြားရေးမှူးချုပ်များက ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့ကြသည်။ တင်ပြမှုများ အပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်