နေပြည်တော် ဇွန် ၁၁
အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် CRPH ၊ NUG နှင့် PDF အကြမ်းဖက်သမားများသည် တိုင်းပြည် တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုကို ပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့် အချို့ဒေသများတွင် လက်နက်ကိုင်တိုက်ခိုက်မှုများ၊ လမ်း၊ တံတား ဖောက်ခွဲဖျက်ဆီးမှုများအပြင် အများပြည်သူနေထိုင် လျက်ရှိသော နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်လျက် ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ယမန်နေ့ ည ၈ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့ မဟာမြိုင်ရပ်ကွက် ရွှေကတော့ဘုရားဝင်း အပြင်ဘက်ရှိ ဈေးဆိုင်ခန်းများကို PDF အမည်ခံ အကြမ်းဖက်သမား လေးဦးခန့်က ဆိုင်ကယ်နှစ်စီးဖြင့် လာရောက်ပြီး မီးကွင်းပစ်၍ မီးရှို့ခဲ့သဖြင့် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်ပျက်စီးဆုံးရှုံး
အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ နယ်မြေခံ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများက မီးသတ်ယာဉ် နှစ်စီး၊ ရေသယ်ယာဉ် သုံးစီးဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၉ နာရီခွဲခန့်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် ဈေးဆိုင်ခန်း ၃၁ ခန်း (တန်ဖိုး ငွေကျပ်သိန်း ၂၀၀ ကျော်) မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။
အဆိုပါ ဈေးဆိုင်ခန်းများကို မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
သတင်းစဉ်