နေပြည်တော် ဇွန် ၁၁
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇွန် ၈ ရက်က ရှမ်းပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်မှ (ယာယီ) ဗျူဟာမှူး ဒုတိယဗိုလ်မှူး ကြီးမြတ်သူ ဦးဆောင်သောအဖွဲ့က ဟိုပုံးမြို့ရေထွက်၌ ကျိုင်းတုံမြို့မှ တောင်ကြီးမြို့သို့ မောင်းနှင်လာသည့် ကုန်တင်ယာဉ်သုံးစီးကို စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အကောက်ခွန်မဲ့ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၃၆၃၀၀၀ နှင့် အဆိုပါကုန်ပစ္စည်းများ တင်ဆောင်လာသော ကုန်တင်ယာဉ် သုံးစီး ခန့်မှန်းတန်ဖိုးငွေကျပ် ၈၅၀၀၀၀၀၀၊ စုစုပေါင်း ခန့်မှန်း တန်ဖိုးငွေကျပ် ၁၂၀၃၆၃၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက် ရှိသည်။
အလားတူ မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့် ဇွန် ၈ ရက်က မကွေးမြို့နယ် ဒဟတ်ကန်ကျေးရွာအုပ်စု ဝက်သိုက်ကျေးရွာ စစ်ဆေးရေးဂိတ်၌ တာဝန်ကျ စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ Honda Odyssey အမျိုးအစား လိုင်စင်မဲ့ မော်တော်ယာဉ်တစ်စီး ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀၀ ကို လည်းကောင်း၊ ဇွန် ၉ ရက်တွင် သရက်မြို့ အနောက်ဘက် မြို့ဝင်/ထွက် စစ်ဆေးရေး ဂိတ်၌ တာဝန်ကျ စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ Toyota Hijet အမျိုးအစား လိုင်စင်မဲ့ မော်တော်ယာဉ်တစ်စီး ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀ ကို လည်းကောင်း၊ စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် ၆၅၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဇွန် ၁၀ ရက်တွင် အကောက်ခွန် ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မရမ်းချောင် အမြဲတမ်း စစ်ဆေးရေးစခန်း၌ တာဝန်ကျ ပူးပေါင်းစစ်ဆေးရေး အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ခရီးသည်တင်မော်တော် ယာဉ်နှစ်စီးပေါ်၌ အကောက်ခွန်မဲ့ စားသုံးဆီနှင့် အားဖြည့်အချိုရည်များ ခန့်မှန်းတန်ဖိုးငွေကျပ် ၃၈၈၅၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ဇွန် ၁၁ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဦးဆောင်သော စစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မုံရွာမြို့နယ်အတွင်း CIZ 125 အမျိုးအစား လိုင်စင်မဲ့ မော်တော် ဆိုင်ကယ်တစ်စီး ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၅၀၀၀၀၊ ရွှေဘိုမြို့နယ်အတွင်း Menglong 125 အမျိုးအစား လိုင်စင်မဲ့မော်တော် ဆိုင်ကယ်တစ်စီး ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၅၀၀၀၀ နှင့် စစ်ကိုင်း မြို့နယ်အတွင်း Toyota Mark II အမျိုးအစား လိုင်စင်မဲ့မော်တော် ယာဉ်တစ်စီး ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၅၀၀၀၀၀ တို့ကို ပို့ကုန်သွင်းကုန်ဥပဒေအရ လည်းကောင်း၊ ထပ်မံ၍ တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်း စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားမဝင် ကျွန်းသစ်ခွဲသားနှင့် ပျဉ်းကတိုးသစ်ခွဲသား သုည ဒသမ ၅၂၄ တန် ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၈၀၀၀ ကို သစ်တော ဥပဒေအရလည်းကောင်း၊ စုစုပေါင်း ခန့်မှန်း တန်ဖိုးငွေကျပ် ၄၁၇၈၀၀၀ ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဇွန် ၈ ရက်၊ ၉ ရက်၊ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၄ မှု၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၄၉၂၆၀၀၀ ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်