Skip to main content

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) (မော်လမြိုင်ရုံးခွဲ)မှ ဝန်ထမ်းတစ်ဦးအား PDF အမည်ခံ အကြမ်းဖက်သမားများက လုပ်ကြံသတ်ဖြတ်

နေပြည်တော် ဇွန် ၉

NUGI CRPHI PDF အမည်ခံအကြမ်းဖက်သမားများသည် ၎င်းတို့၏ နိုင်ငံရေးအစွန်းရောက်အယူဝါဒကို အခြေခံ၍ နေရာအချို့၌ ဗုံးခွဲတိုက်ခိုက်ခြင်း၊ လက်နက်ဖြင့် ခြိမ်းခြောက်လုယက်ခြင်း၊ ရက်စက်စွာသတ်ဖြတ်ခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသည့်အပြင် ပြည်သူလူထု၏ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကို နိုင်ငံ့ဝန်ထမ်းပီသစွာ ကုသမှုများဆောင်ရွက်ပေးနေသည့် ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတအဖွဲ့အစည်းများ၊ NGO၊ INGO အဖွဲ့အစည်းများကိုပါ ခြိမ်းခြောက်ခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်းတို့ကို လုပ်ဆောင်လျက်ရှိကြသည်။

ထိုသို့အကြမ်းဖက်မှုများလုပ်ဆောင်ခဲ့ရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) (မော်လမြိုင် ရုံးခွဲ)မှ ဝန်ထမ်းဖြစ်သူ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ကွက်နေ ဦးမျိုးမင်းထွဋ် (၄၉)နှစ်(ဘ)ဦးတင်ထွန်းသည် ဇွန် ၈ ရက် ညနေပိုင်းတွင် ၎င်း၏ရုံးမှ မော်တော်ဆိုင်ကယ်ဖြင့် ပြန်လာစဉ် မော်လမြိုင်မြို့၊ ဘိုကုန်းရပ်ကွက်၊ သံလွင်ဥယျာဉ် အနောက်လမ်းနှင့် အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းလမ်းဆုံအနီးသို့ အရောက်၌ PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ ၎င်းတွင် လည်ပင်းကျည်ဖောက်ဝင်ဒဏ်ရာ ၃ ချက်၊ ဝဲဘက်ညှပ်ရိုးအောက် ကျည်ဖောက်ဝင်ဒဏ်ရာ တစ်ချက်တို့ဖြင့် သေဆုံးခဲ့ကြောင်းနှင့် အခင်းဖြစ်နေရာမှ ၎င်းစီးနင်းလာသည့် Pxan Ton ဆိုင်ကယ် ၁ စီး၊ Luger ကျည်ခွံ ၃ ခု၊ SLB ကျည်ခွံ ၁ ခု တို့ကို တွေ့ရှိသိမ်းဆည်း ရရှိခဲ့ကြောင်း သိရှိရသည်။

ထိုသို့ မွန်ပြည်နယ်အတွင်း ဒေသခံပြည်သူများ၏ ကျန်းမာရေးမြှင့်တင်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် WHO ဝန်ထမ်းတစ်ဦးအား အကြောင်းမဲ့ရက်စက်စွာ လုပ်ကြံသတ် ဖြတ်မှုကျူးလွန်ခဲ့သည့် အကြမ်းဖက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် မွန်ပြည်နယ်အတွင်း NUG၊ CRPHi PDF အမည်ခံ အကြမ်းဖက်သမားများ၏ အကြမ်းဖက် လုပ်ကြံသတ်ဖြတ်မှုကြောင့် သေဆုံးသူ အစိုးရဝန်ထမ်း ၃ ဦးနှင့် အရပ်သား ပြည်သူ ၈၆ ဦး၊ ဒဏ်ရာရရှိသူ အစိုးရဝန်ထမ်း ၁၂ ဦးနှင့် အရပ်သားပြည်သူ ၁၁၅ ဦး ရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။