နေပြည်တော် ဇွန် ၉
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်ထွဋ်ဦးသည် ဇွန် ၈ ရက် နံနက်ပိုင်းက ရှမ်းပြည်နယ်၏ လယ်ယာကဏ္ဍဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သာစည်မြို့နယ် လှိုင်းတက်ကျေးရွာရှိ ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံဖွံ့ဖြိုးရေးဌာန (VFDC)သို့ ရောက်ရှိကြပြီး ပြည်ထောင်စုဝန်ကြီးက တောင်သူများ ဝင်ငွေအကျိုးအမြတ်ပိုမိုရရှိစေမည့် တန်ဖိုးမြင့်ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံမျိုးများနည်းပညာ ဖြန့်ဖြူးပေးနိုင်ရေး၊ ပညာရှင်ဝန်ထမ်းများအနေဖြင့် မိမိတို့၏ သုတေသနပြုတွေ့ရှိချက်များကို စာတမ်းနှင့်မှတ်တမ်းများစနစ်တကျပြုစုသည့် အလေ့အကျင့်ကောင်း ဆောင်ရွက်ရေး၊ အများပြည်သူအတွက် နည်းပညာရပ်ဆိုင်ရာ စာအုပ်စာစောင် ထုတ်နိုင်ရေး ကြိုးပမ်းရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အောင်သာကျေးရွာအုပ်စု မိုးကြိုချည်မျှင်ရှည်ဝါ အထူးဇုန်ဧက(၂၅၀)စံပြကွက်တွင် မျိုးစေ့ထုတ် အကျိုးဆောင် တောင်သူများနှင့်တွေ့ဆုံ၍ တောင်သူများ၏ ချည်မျှင်ရှည်ဝါ မျိုးသန့်မျိုးပွား စိုက်ပျိုးထုတ်လုပ်မှု အတွေ့အကြုံများ၊ ဌာနကထုတ်လုပ်ပေးလိုက်သည့် ဆင့်ပွားမိဘမျိုးစေ့မှ အဆင့်ဆင့်မျိုးပွား ထုတ်လုပ်သည့် မျိုးစေ့စီးဆင်းမှုမှန်ကန်ရေး၊ ထိရောက်သော မျိုးသန့်မျိုးပွား မျိုးဖြန့်မှုလုပ်ငန်း ပီပြင်စွာအကောင်အထည်ဖော်နိုင်ရေး၊ မျိုးစေ့ထုတ်တောင်သူများအကျိုးအမြတ် သေချာစေရေးနှင့် စီးပွားဖြစ်စိုက်ပျိုးရန် ထုတ်လုပ်လိုက်သည့်မျိုးစေ့ကိုအသုံးပြု၍ ချည်မျှင်ရှည်ဝါ စိုက်ပျိုးရာတွင်လည်း တွက်ခြေကိုက်သည့် အရည်အသွေးနှင့်အထွက်နှုန်းရရှိမှု အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ မေးမြန်းဆွေးနွေးပြီး တောင်သူများ၏ လိုအပ်ချက်၊ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိတ္ထီလာမြို့နယ်ရှိ မွေးမြူရေးအသုံးချသုတေသနနှင့် မျိုးထိန်းမျိုးပွားခြံ(သဖန်းခြံ)သို့ ရောက်ရှိကြပြီးမျိုးထိန်းခြင်း၊ ဆိတ်နှင့်သိုးမျိုးရင်းထိန်း မျိုးပွားခြင်း၊ မျိုးကောင်းမျိုးသန့်ထုတ်ခြင်းနှင့် အသုံးချသုတေသနလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ဒေသနှင့်ကိုက်ညီသည့် တိရစ္ဆာန်အစာပင်များဆိုင်ရာ သုတေသနဆောင်ရွက်ရန် လိုအပ်ချက်များ၊ ဘောစကိုင်းနှင့်အလားတူ စိုက်ပျိုးရလွယ်ကူသည့် တိရစ္ဆာန်ဖြည့်စွက်အစာပင်များ စိုက်ပျိုးသုံးစွဲမှုဆိုင်ရာများ၊ တိရစ္ဆာန်အစာပင် စိုက်ပျိုးကျွေးမွေးမှု ကျယ်ပြန့်လာရေးအတွက် တောင်သူကိုယ်တိုင် မျိုးချန်မျိုးပွား စိုက်ပျိုးနိုင်သည့် သီးနှံမျိုးများကို မျိုးပွားဖြန့်ဖြူးပေးရန် လိုအပ်ချက်များကို တာဝန်ရှိသူများကို ဆွေးနွေးမှာကြားကာ မွေးမြူရေးအသုံးချသုတေသနနှင့် မျိုးထိန်းမျိုးပွားခြံ (သဖန်းခြံ)၏ မွေးမြူရေးလုပ်ငန်းနှင့် တိရစ္ဆာန်အစာပင် စိုက်ပျိုးရေးလုပ်ငန်းများတွင် အသုံးပြုရန်ရေရရှိရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်