နေပြည်တော် ဇွန် ၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ကမ်းလှမ်းမှုအရ နေပြည်တော်သို့ရောက်ရှိနေသည့် “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) ဒုတိယဥက္ကဋ္ဌ၊ ဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင် ဦးလော့ယာကုဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက် ၇ နာရီခွဲတွင် နေပြည်တော်မှ မော်တော်ယာဉ်များဖြင့် ပြန်လည်ထွက်ခွာသွားသည်။
“ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ ဒုတိယဥက္ကဋ္ဌ၊ ဆွေးနွေးရေးအဖွဲ့ခေါင်းဆောင်ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့အား အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်နှင့်တာဝန်ရှိသူများ၊သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှတိုင်းရင်းသားတိုင်းရင်းသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ငြိမ်းချမ်းရေးကိုလိုလားသည့် ဒေသခံပြည်သူများက ထာဝရငြိမ်းချမ်းရေးရရှိရေးသည် ပြည်သူတစ်ရပ်လုံး၏ ဆန္ဒအစစ်အမှန်ဖြစ်သည်၊ ငြိမ်းချမ်းရေးရရှိရေးသည် နိုင်ငံသား အားလုံး၏ဆန္ဒအမှန်ဖြစ်သည်၊ ပြည်ထောင်စုကြီးငြိမ်းချမ်းဖို့ တွေ့ဆုံဆွေးနွေးကြပါစို့၊ တိုင်းရင်းသားတွေစည်းလုံးမှ ငြိမ်းချမ်းတည်ငြိမ်အေးချမ်းရ စသည့် စာသားပါဆိုင်းဘုတ်များနှင့် နိုင်ငံတော်အလံငယ်များကိုကိုင်ဆောင်၍ နေပြည်တော်ရှိ Horizon Lake View Resort ၌ ပို့ဆောင်နှုတ်ဆက်ကြသည်။