Skip to main content

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် နိုင်ငံတော်ကချမှတ်ထားသော မြေယာမူဝါဒများကို အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် နိုင်ငံ၏စားနပ်ရိက္ခာ ဖူလုံပိုလျှံရေးအတွက် စိုက်ပျိုးမြေများ မလျော့ပါးစေရန် စီမံဆောင်ရွက်လျက်ရှိ

နေပြည်တော် မေ ၃၁

မြေယာများကို အကျိုးရှိရှိ အသုံးချနိုင်ရန်နှင့် စိုက်ပျိုးမြေများပေါ်တွင် သီးနှံစိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ ထုတ်လုပ်မှုစွမ်းအား တိုးတက်လာစေရန် စိုက်ပျိုးရေ ဖူလုံစွာရရှိရေး၊ လယ်ယာသုံး စက်ကိရိယာများနှင့် သွင်းအားစုပစ္စည်းများ အသုံးပြုနိုင်ရေး လုပ်ငန်းများကို ဘက်စုံကဏ္ဍစုံ အလေးထား ဆောင်ရွက်လျက်ရှိကြောင်း ယနေ့ မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ (၆)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပြောကြား သည်။

ဆွေးနွေး

အစည်းအဝေးသို့ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ဝင်များ တက်ရောက်ကြပြီး အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးက အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ရမည့် ကိစ္စရပ်များကို ဖတ်ကြားတင်ပြရာ အစည်းအဝေး တက်ရောက်လာကြသူများက လုပ်ငန်းအကြောင်းအရာ တစ်ခုချင်းအလိုက် ဆွေးနွေးဆောင်ရွက်ကြသည်။   

စိစစ်ဆောင်ရွက်

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် နိုင်ငံတော်က ချမှတ်ထားသော မြေယာမူဝါဒများကို အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် နိုင်ငံ၏စားနပ်ရိက္ခာ ဖူလုံပိုလျှံရေးအတွက် စိုက်ပျိုးမြေများ မလျော့ပါးစေရန် စီမံဆောင်ရွက်လျက်ရှိပြီး ပြည်သူများအကျိုးအတွက် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အသုံးပြုခဲ့သော လယ်ယာမြေများအတွက် မူလပိုင်ရှင်တောင်သူများနှင့် မြေရှင်များ နစ်နာမှုမရှိစေရေး တည်ဆဲလယ်ယာမြေ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ သက်ဆိုင်ရာ ဘဏ္ဍာနှစ်အလိုက် လျော်ကြေး၊ နစ်နာကြေးများ အချိန်မီ ပေးလျော်နိုင်ရန်ကိစ္စ၊ လယ်ယာမြေကို အခြားလုပ်ငန်းများ ဆောင်ရွက်ရန် တင်ပြလာသောကိစ္စ၊ လယ်ယာမြေ ဥပဒေ ပုဒ်မ ၂၈ ပုဒ်မခွဲ (က)နှင့်အညီ လယ်ယာမြေကို အခြားသီးနှံ ပြောင်းလဲစိုက်ပျိုးခွင့် လျှောက်ထားလာသော ကိစ္စအပါအဝင် လယ်ယာမြေနှင့် သက်ဆိုင်သော ကိစ္စရပ်များကို နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့် တည်ဆဲဥပဒေများနှင့်အညီ စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်