နေပြည်တော် မေ ၃၀
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ နတ်မြစ်ကမ်းနံဘေးရှိ မကျီးချောင်းဝ၌ လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၁၀ နာရီ ၄၀ မိနစ်ခန့်တွင် မန်ကျီးချောင်းဝ၏ အနောက်ဘက်နတ်မြစ်အတွင်း စက်လှေ ၁ စီးမျောပါနေကြောင်း တွေ့ရှိရသဖြင့် သွားရောက်စစ်ဆေးရာ အလျား ၆၅ ပေ၊ အနံ ၁၇ ပေရှိ လှိုင်ထက်စံအမည်ရှိ ကုန်တင်စက်လှေဖြစ်ကြောင်းသိရှိရပြီး လှေ၏ ဦးပိုင်းမှရေဝင်၍ နစ်မြုပ်လျက်ရှိသဖြင့် စက်လှေပေါ်ရှိ လှေပိုင်ရှင်အပါအဝင် အမျိုးသား ၆ ဦးကို ကူညီ ကယ်ဆယ်ခဲ့သည်။
အဆိုပါ စက်လှေသည် ကုန်ပစ္စည်းပို့ဆောင်ရေး ရေယာဉ်ဖြစ်ပြီး ဂျင်းအိတ် ၃၈၀၀ အိတ်ကို တင်ဆောင်၍ တောင်ကုတ်မြို့မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ပို့ဆောင်ရန် မြန်မာနိုင်ငံရေပိုင်နက်အတွင်း နတ်မြစ်အတိုင်း မောင်းနှင်လာစဉ် ရေလှိုင်းရိုက်ခတ်မှုကြောင့် စက်လှေအောက်ပိုင်းကွဲပြီး လှေအတွင်းသို့ ရေဝင်ရောက်ကာ နစ်မြုပ်ခြင်းခဲ့ဖြစ်ပြီး စက်လှေပေါ်တွင် လိုက်ပါလာသည့် လှေပိုင်ရှင်အပါအဝင် အမျိုးသား ၆ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။