Skip to main content

ကျောင်းသား ကျောင်းသူများ၏ ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိစေရေးအတွက် ကျောင်းအပ်နှံရေး ဆောင်ရွက်ကြရန် ဖိတ်ခေါ်

နေပြည်တော် မေ ၂၈

၂၀၂၂-၂၀၂၃ ပညာသင်နှစ် ရှမ်းပြည်နယ်(တောင်ပိုင်း) ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် တောင်ကြီးမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပသည်။

ရှေးဦးစွာ ရှမ်းပြည်နယ်(တောင်ပိုင်း) ကျောင်းအပ်နှံရေးနေ့ အခမ်းအနား မုခ်ဦးကိုပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းဇော်မိုး တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ရှမ်းပြည်နယ် (တောင်ပိုင်း) ကျောင်းအပ်နှံရေးနေ့ အခမ်းအနားဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။

ထို့နောက် အခမ်းအနား ဒုတိယပိုင်းအစီအစဉ်ကို အဆိုပါကျောင်းခန်းမတွင် ကျင်းပရာ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းသား ကျောင်းသူများက ကျောင်းအပ်နှံရေးနေ့ သီချင်းဖြင့် သီဆိုဖွင့်လှစ်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းသားများ၏ ၂၁ ရာစု ကျွမ်းကျင်မှုအရည်အသွေးများ မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်၍ KG+12 စနစ်သစ် သင်ရိုးဖြင့် သင်ကြားပေးနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခု၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် Grade-5, Grade-8, Grade-11 ကျောင်းသားများအတွက် သင်ရိုးသစ်ဖြင့် သင်ကြားပေးမည်ဖြစ်ပါကြောင်း၊ သင်ရိုးသစ်ဖြင့် သင်ကြားပို့ချနိုင်ရေးအတွက် ဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမများကို သင်ရိုးသစ် မွမ်းမံသင်တန်းများ ဖွင့်လှစ်ပို့ချပေးခဲ့ပြီးဖြစ်ပါကြောင်း၊ မိဘများအနေဖြင့် ကျောင်းအပ်နှံရေး သီတင်းပတ်တွင် ကျောင်းသားကျောင်းသူများ၏ ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိစေရေးအတွက် ကျောင်းအပ်နှံရေး ဆောင်ရွက်ကြရန် ကြိုဆိုဖိတ်ခေါ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း က အမှာစကား ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက အခြေခံပညာ အထက်တန်းကျောင်းများရှိ သိပ္ပံခန်းများတွင် အသုံးပြုရန်အတွက် Microscope များကို ပေးအပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် က လက်ခံရယူသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး ဒေါ်နန်းချစ်ဆွေတို့က ဗလာစာအုပ်ဒါဇင် ၁၂၀၀ ကို ပေးအပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူသည်။

ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်က အခမဲ့ပုံနှိပ်စာအုပ်များကိုလည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းဇော်မိုးက အခမဲ့ဗလာစာအုပ်များ၊ ဘောပင်၊ ခဲတံများကို လည်းကောင်း၊ ပြည်နယ်တရားသူကြီးချုပ်က အခမဲ့ကျောင်းဝတ်စုံများကိုလည်းကောင်း၊ လူမှုရေးရာဝန်ကြီးက အခမဲ့ Grade-5 သင်ထောက်ကူ ပစ္စည်းများကိုလည်းကောင်း၊ ပြည်နယ်ဥပဒေချုပ်က အခမဲ့ KG သင်ထောက်ကူ ပစ္စည်းများကိုလည်းကောင်း ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

ယင်းနောက် တောင်ကြီးမြို့ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက “မြန်မာ့ကျောင်း” သီချင်းဖြင့် ဖျော်ဖြေကြပြီး ပြည်ထောင်စုဝန်ကြီးက တက်ရောက်လာသည့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ကျောင်းသား မိဘများကို ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

ထို့နောက် ခင်းကျင်းပြသထားသည့် ပညာရေးပြခန်းများနှင့် ကျောင်းအပ်လက်ခံနေမှုများကို လိုက်လံကြည့်ရှုအားပေးကာ ကျောင်းသား ကျောင်းသူများကို အခမဲ့ပုံနှိပ် စာအုပ်များ၊ ခဲတံ၊ ဘောပင်များနှင့် ဗလာစာအုပ်များကို ပေးအပ်သည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးမြို့ အမှတ်(၄) အခြေခံပညာ အထက်တန်း ကျောင်း၊အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းများသို့ သွားရောက်၍ ကျောင်းအပ်နှံမှု အခြေအနေများကို ကြည့်ရှုအားပေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ပညာရေးမှူး၊ ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်များနှင့် တွေ့ဆုံ၍ ကျောင်းအလိုက် လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းအတွင်း ပြင်ဆင်ထိန်းသိမ်းရေး လုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်