Skip to main content

အချိန်နှင့်တစ်ပြေးညီစစ်ဆေးခြင်း (Real Time Audit) နှင့်စပ်လျဉ်းသည့် ရှင်းလင်းဆွေးနွေးပွဲကျင်းပ

နေပြည်တော် မေ ၂၇

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှစ၍ကျင့်သုံးမည့် အချိန်နှင့်တစ်ပြေးညီစစ်ဆေးခြင်း (Real Time Audit) ဆိုင်ရာရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး(နေပြည်တော်) စုပေါင်းခန်းမတွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာထုတ်ပြန်ထားသော စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကျင်းပသည်။

ဆွေးနွေးပွဲသို့ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ တာဝန်ခံအဆင့်မြင့်အရာရှိကြီးများ၊ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှအမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေး)၊ ဒုတိယအမြဲ တမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများတက်ရောက်ကြပြီး အဖွဲ့အစည်းများ၏ လက်အောက်ခံဦးစီးဌာန၊ အဖွဲ့အစည်းများမှ ဘဏ္ဍာရေးတာဝန်ခံအရာရှိများ၊ တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံး တာဝန်ခံညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများက Virtual System ဖြင့် တက်ရောက်ကြသည်။

ဆွေးနွေးပွဲ၌ ပြည်ထောင်စုစာရင်းစစ်ချုပ်ဒေါက်တာကံဇော်က ယခုအချိန်သည် နိုင်ငံတော်အနေဖြင့် ပြည်တွင်းဘဏ္ဍာငွေအရင်းအမြစ်အပေါ်မူတည်၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပညာရေး၊ကျန်းမာရေးဆိုင်ရာများအတွက်တိုးချဲ့ရင်းနှီးမြှုပ်နှံမှုများ၊ လုပ်ငန်းစီမံကိန်းများကိုအားသွန်ခွန်စိုက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါလုပ်ငန်းစီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်မည့် ဌာန၊ အဖွဲ့အစည်းများ၏ ပြည်သူ့ဘဏ္ဍာရန်ပုံငွေစီမံခန့်ခွဲမှုကို အထိရောက်ဆုံးနှင့်အကောင်းဆုံးနည်းလမ်းများဖြင့် ပြည်သူ့အကျိုးအတွက်ဆောင်ရွက်မှုများကို ထိရောက်စွာကြီးကြပ်ခြင်း၊ စစ်ဆေးခြင်းဖြင့်အထောက်အကူပြုနိုင်စေရန် Real Time Audit ကိုဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ တစ်ပြိုင်တည်း၊ တစ်ချိန်တည်း ကြီးကြပ်ခြင်းနှင့်စာရင်းစစ်ဆေးခြင်း (Concurrent Control, Monitoring, and Real Time Audit) သည် ယနေ့ကမ္ဘာမှာ ခေတ်အမီဆုံးနှင့်အထိရောက်ဆုံး ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုနည်းလမ်းဖြစ်ပါကြောင်း။

သို့ပါ၍ ဌာန၊ အဖွဲ့အစည်းများအနေဖြင့် ပြည်သူ့အကျိုးစီးပွားအတွက် လုပ်ငန်းစီမံကိန်းများကို ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ယနေ့ရှင်းလင်းဆွေးနွေးမည့် Real Time Audit ဆောင်ရွက်မည့်အစီအစဉ်များနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကိုမေးမြန်းခြင်း၊ ရင်းနှီးပွင့်လင်းစွာအပြန်အလှန်ဆွေးနွေးခြင်းတို့ဖြင့် Real Time Audit အကောင်အထည်ဖော်ရေးလုပ်ငန်းစဉ်များတွင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က Real Time Audit ဆောင်ရွက်ရခြင်း၏ရည်ရွယ်ချက်၊ စစ်ဆေးခြင်းဖြင့်ရရှိနိုင်မည့်အကျိုးကျေးဇူးများ၊ ဆောင်ရွက်မည့်အစီအစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည်။

ယင်းနောက် ဆွေးနွေးပွဲသို့တက်ရောက်လာသည့် ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ တာဝန်ခံအဆင့်မြင့်အရာရှိများကသိလိုသည်များကို ဆွေးနွေးမေးမြန်းကြပြီး မေးမြန်းမှုများအပေါ် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတာဝန်ရှိသူများကရှင်းလင်းဖြေကြား၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အမြဲတမ်းအတွင်းဝန်နှင့် စီမံကိန်းစိစစ်ရေးနှင့်တိုးတက်မှုအစီရင်ခံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တို့က ပူးတွဲဆောင်ရွက်နိုင်မည့်လုပ်ငန်းများကို ပြန်လည်ဆွေးနွေးကြကာ ပြည်ထောင်စုစာရင်းစစ်ချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)