Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာ့သားကောင်းစစ်မှုထမ်းဟောင်းအိမ်ရာ (လေးထောင့်ကန်) တည်ဆောက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၂၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီဝင် ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ် (လေ)ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ မြို့တော်ဝန် ဦးဘိုဌေးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်ရှိ မြန်မာ့သားကောင်း စစ်မှုထမ်းဟောင်းအိမ်ရာ (လေးထောင့်ကန်) တည်ဆောက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အား ရှင်းလင်းဆောင်တွင် စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် မျိုးသန့်တို့က အိမ်ရာအတွင်း စစ်မှုထမ်းဟောင်းများနှင့် မိသားစုများကို နေရာချထားပေးမှု အခြေအနေများ၊ အိမ်ရာများ ထပ်မံတည်ဆောက်နေမှု၊ အရိပ်ရပင်များ စိုက်ပျိုးထားရှိမှု အခြေအနေများ၊ ရေ၊ မီး လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးထားသည့် အခြေအနေများ၊ စစ်မှုထမ်းဟောင်း မိသားစုဝင်များ၏ နေထိုင်ရေးအတွက်သာမက စားရေး၊ နေရေးနှင့် အလုပ်အကိုင်ရရှိရေးတို့ အတွက် အဆင့်မြင့်ဥစားကြက်ခြံလုပ်ငန်း လည်ပတ်နေမှု အခြေအနေများ၊ အထည်ချုပ်စက်ရုံ လုပ်ငန်းလည်ပတ်နေမှု အခြေအနေများနှင့် အိမ်ရာအတွင်း သာရေး၊ နာရေးကိစ္စရပ်များ ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ကလေးကစားကွင်းနှင့် စာကြည့်တိုက် ထည့်သွင်း ဆောင်ရွက်ပေးထားသည့် အခြေအနေများကို အသီးသီး ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အိမ်ရာအတွင်းပြီးစီးပြီးဖြစ်သည့် အခန်းများ၌ စစ်မှုထမ်းဟောင်းများနှင့် မိသားစုဝင်များ ရောက်ရှိနေထိုင်လျက်ရှိပြီဖြစ်သော်လည်း ရောက်ရှိနေထိုင်ရန် ကျန်ရှိနေသူများ အားလုံး ရောက်ရှိနေထိုင်နိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ မြို့ပြစီမံကိန်းအသွင် ဆောင်ရွက်နေခြင်းဖြစ်သဖြင့် မိသားစုဝင်များ၏ ပညာရည်မြှင့်တင်ရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ စီမံကိန်းအတွင်း စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် လုပ်ငန်းများ၊ အသက်မွေးဝမ်းကျောင်း သင်တန်းနှင့် အလုပ်အကိုင်များ၊ စက်မှုအထက်တန်းကျောင်း၊ စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းများကို ဆောင်ရွက်ပေးနိုင်ရေး ရည်မှန်းဆောင်ရွက်လျက်ရှိသဖြင့် ပညာရည်မြှင့်တင်ရေး လုပ်ငန်းများကို အလေးထား ဆောင်ရွက်ပေးရန်လိုကြောင်း၊ အိမ်ရာတွင် နေထိုင်သူများ လူနေမှုအဆင့်မြှင့်တင်နိုင်ရေးအတွက် စနစ်ကျနသည့် အဆင့်မီ Shopping Mall တစ်ခုကို ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ အိမ်ရာအတွင်း နေထိုင်သည့် စစ်မှုထမ်းဟောင်းများ၊ မိသားစုဝင်များအတွက် အသက်အရွယ်အလိုက် လုပ်ကိုင်နိုင်မည့်လုပ်ငန်းများ လာရောက် ရင်းနှီးမြှုပ်နှံနိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ စီမံကိန်း ဧရိယာအတွင်း မွေးမြူရေး လုပ်ငန်းများအတွက် လိုအပ်သည့်စားကျက်မြေများ ဖြစ်ပေါ်လာစေရေး ယခုကတည်းက ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ထားရန်လိုကြောင်း၊ နေရာအကျယ်အဝန်းများစွာ မယူသည့် ခေတ်မီမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ကြိုတင် ပြင်ဆင်ကြရမည်ဖြစ်ကြောင်းနှင့် လမ်းပန်းဆက်သွယ်မှုလွယ်ကူရေး၊ လမ်းများ ကောင်းမွန်ရေး တို့အတွက် လိုအပ်သည်များကို မှာကြားရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ မြို့တော်ဝန်၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ဒုတိယဥက္ကဋ္ဌနှင့် ရန်ကုန်တိုင်းဒေသကြီး စစ်မှုထမ်းဟောင်း အဖွဲ့ဝင်တို့က မြို့ပြစနစ်တွင် ပါဝင်သင့်သည့် အချက်များ ပါဝင်နိုင်ရေး၊ ရေစွန့်ထုတ်သည့်စနစ် ကောင်းမွန်စေရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းဖော်ဆောင်ရေးတို့အတွက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် အခြေအနေများကို အကြံပြု ဆွေးနွေးတင်ပြကြသည်။ အကြံပြုတင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များ ပြန်လည်ဆွေးနွေးခဲ့သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စစ်မှုထမ်းဟောင်း အိမ်ရာအတွင်း နေထိုင်လျက်ရှိသည့် စစ်မှုထမ်းဟောင်းများနှင့် မိသားစုဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်းနှင့် အိမ်ရာတည်ဆောက်ရေးစီမံကိန်းအတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည် ကြည့်ရှုစစ်ဆေးသည်။

အဆိုပါ မြန်မာ့သားကောင်း စစ်မှုထမ်းဟောင်း အိမ်ရာ(လေးထောင့်ကန်)ကို ၂၀၁၇ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး တပ်မတော်မှ အငြိမ်းစားယူပြီး ရန်ကုန်မြို့တွင် အခြေချ နေထိုင်လိုသူများအတွက် စစ်မှုထမ်းဟောင်းမြို့အဖြစ် ရည်ရွယ်တည်ဆောက်နေခြင်းဖြစ်ကြောင်း၊ အိမ်ရာတွင် နေထိုင်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် စားဝတ်နေရေးတို့တွင် လိုအပ်နိုင်သည့် အခြေခံလိုအပ်ချက်များကို ထည့်သွင်းတွက်ချက်ပြီး မြို့ပြစီမံကိန်းအသွင် တည်ဆောက်လျက်ရှိကြောင်း၊ ဆေးရုံ၊ စာသင်ကျောင်း၊ စာကြည်တိုက် တို့ကိုလည်း ထည့်သွင်းတည်ဆောက်ထားပြီး စစ်မှုထမ်းဟောင်းများနှင့် မိသားစုဝင်များအား နေရာချထားပေးလျက်ရှိကာ အိမ်ရာစီမံကိန်းကို ဆက်လက် အကောင်အထည်ဖော် တိုးချဲ့ တည်ဆောက်လျက်ရှိကြောင်း သတင်းရရှိသည်။