Skip to main content

၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

နေပြည်တော် မေ ၂၆

၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်း သီရိမင်္ဂလာခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ယခုနှစ်တွင် ကျောင်းအပ်နှံရေး သတင်းပတ်ကို မေ ၂၆ ရက်မှ ဇွန် ၁ ရက်အထိ သတ်မှတ်ပြီး ကျောင်းသားကျောင်းသူများ ကျောင်းအပ်နှံရေး လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း၊  ဇွန် ၂ ရက်တွင် နိုင်ငံတစ်ဝန်းလုံးရှိ  အခြေခံပညာကျောင်းများအားလုံး တစ်ပြိုင်နက်တည်း ဖွင့်လှစ်၍ ပညာသင်ကြားရေးလုပ်ငန်းများ စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပညာရေးဝန်ကြီးဌာန အနေဖြင့် အသိပညာ အတတ်ပညာ ပြည်စုံသော ပညာတတ်များ ပေါများလာရေး မျှော်မှန်းချက်ဖြင့် ကျောင်းနေအရွယ်ကလေးများအားလုံး စဉ်ဆက်မပြတ် သာတူညီမျှ ပညာသင်ယူမှု အခွင့်အလမ်းရရှိရန် အထူးအလေးပေး ဆောင်ရွက်လျက်ရှိပါကြောင်း။

ကျောင်းနေအရွယ် ကလေးတိုင်း (KG+9) (အခြေခံပညာ အလယ်တန်း) အဆင့် ပြီးဆုံးသည်အထိ ပညာသင်ကြားနိုင်ရန် ရည်မှန်းချက်ထား ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း၊  (KG+9) အဆင့် ပြီးဆုံးသည့်အခါ အသက်မွေးဝမ်းကျောင်း ပညာသင်ကြားသည့် ကျောင်းများသို့ ဆက်လက်တက်ရောက်နိုင်ပြီး လုပ်ငန်းခွင်ဝင်ရောက်နိုင်သလို သတ်မှတ်အရည်အချင်း ပြည့်မီပါက အဆင့်မြင့်ပညာများကို ဆက်လက်သင်ယူနိုင်မည်ဖြစ်ကြောင်း၊ ပညာသင်ယူခွင့် အခွင့်အလမ်းများ ဆုံးရှုံးနစ်နာမှုမရှိစေရေးနှင့် ကျောင်းသား၊ ကျောင်းသူများအားလုံး ပညာသင်ယူခွင့် ရရှိရေးအတွက် ကျောင်းအပ်နှံရေး ဆောင်ရွက်ကြရန် ကြိုဆိုဖိတ်ခေါ်အပ်ကြောင်း၊ ကလေးများအားလုံး အခမဲ့ပညာရေးစနစ်ဖြင့် ပညာသင်ယူ ခွင့်ရရှိအောင် ဆောင်ရွက်ပေးထားကြောင်း၊ ကျောင်းသားတစ်ဦးလျှင် ပြဋ္ဌာန်းစာအုပ် တစ်စုံ၊ ဗလာစာအုပ်တစ်ဒါဇင်၊ ခဲတံ၊ ဘောပင်တို့ကို အခမဲ့ပေးအပ်သွားမည်ဖြစ်ပြီး မူလတန်းကလေးများကို ကျောင်းဝတ်စုံများ အခမဲ့ထောက်ပံ့ပေးမည်ဖြစ်ကြောင်း။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် Grade-5, Grade-8, Grade-11 ကျောင်းသားများအား သင်ရိုးသစ်ဖြင့် သင်ကြားပေးမည်ဖြစ်ကြောင်း၊ သင်ရိုးသစ်ဖြင့် သင်ကြားပို့ချနိုင်ရေး အတွက်လည်း ဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမများကို သင်ရိုးသစ် မွမ်းမံသင်တန်းများ ဖွင့်လှစ်ပို့ချပေးခဲ့ပြီးဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် ပညာပြည့်ဝ၍ နှလုံးလှသော ဆရာကောင်းများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း၊ ယခုနှစ် ကျောင်းအပ်နှံရေး ဆောင်ပုဒ်ဖြစ်သည့် “ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့် ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဟူသော ဆောင်ပုဒ်နှင့်အညီ ကျောင်းသား၊ ကျောင်းသူများအားလုံး ပညာသင်ကြားနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြပါရန်လိုကြောင်း၊ ပညာရေးဖွံ့ဖြိုးတိုးတက်ရေး ပါဝင်ပတ်သက်သူအားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က အမှာစကား ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးဇော်ဝင်း၊ တာဝန်ရှိသူများက အခမဲ့ပုံနှိပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်၊ ခဲတံနှင့် ကျောင်းဝတ်စုံများကို သက်ဆိုင်ရာ တာဝန်ရှိသူများထံ ပေးအပ်ကြသည်။

 ယင်းနောက် စိန်ရွှေမြ၊ မြရွှေကောင်း၊ Golden Style ဆောက်လုပ်ရေးကုမ္ပဏီများ အုပ်စုက ဗလာစာအုပ် ဒါဇင်(၁၂၀၀)ကို ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်းထံ ပေးအပ်လှူဒါန်းသည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ကျောင်းသားမိဘများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး ခင်းကျင်း ပြသထားသည့် သင်ထောက်ကူပစ္စည်းများ၊ ကျောင်းသုံးပုံနှိပ် ဖတ်စာအုပ်များကို ကြည့်ရှု စစ်ဆေးကာ စာသင်ခန်းအလိုက် ကျောင်းအပ်လက်ခံနေမှုကို ကြည့်ရှုအားပေးသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်ကို ဇွန် ၂၆ ရက်မှ ဇူလိုင် ၁ ရက်အထိ သတ်မှတ်ထားရာ  မြန်မာတစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား မိဘများ၊ ကျောင်းသားကျောင်းသူများ လာရောက်၍ ကျောင်းအပ်နှံလျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)